တောင်ငူမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

တောင်ငူ အောက်တိုဘာ ၁

အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုခြင်း အခမ်းအနားကို ယနေ့နံနက် ()နာရီအချိန်က တောင်ငူမြို့မရဲစခန်းဝင်း၊ တောင်ငူခရိုင်ရဲရိပ်သာ၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ ရဲတပ်ဖွဲ့ဖြစ်လာအောင် အသွင်သဏ္ဍာန်နှင့် အနှစ်သာရပိုင်းဆိုင်ရာ ပြောင်းလဲပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ခဲ့သည်မှာ (၅၉)နှစ်ကာလကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ စွမ်းရည်ပြည့်ဝနှလုံးလှသည့် ဂုဏ်ရည်ဝင့်ထည် မြတ်နိုးဖွယ်ကောင်းလှသော မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုကြိုဆိုပါကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်အားလုံး ပြည်သူ့အကျိုး၊ နိုင်ငံ အကျိုးများကို ဆထက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေလို့အဖွင့်အမှာစကားပြောကြားပြီး

တောင်ငူခရိုင်ရဲတပ်ဖွဲ့၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေးက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ကိုကိုဇော်၊ တောင်ငူခရိုင်ရဲတပ်ဖွဲ့ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေး၊ တောင်ငူခရိုင် အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်စိုးနှင့် ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဝင်းတို့က ဂုဏ်ပြုဆုရရှိသည့် ရဲတပ်ဖွဲ့ဝင်များအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)