ထားဝယ် အောက်တိုဘာ ၁
၂၀၂၃ ခုနှစ်၊ သက်ကြီးသူများဘဝသာယာဖို့ သက်ရွယ်စုံညီပါဝင်လို့ ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီအပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ တက်ရောက်လာသောဧည့်သည်တော်များက အဘိုးအဘွားများအား ကန်တော့ကျိုးဖြင့်ရှိခိုး ကန်တော့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ကမ္ဘာအရပ်ရပ်မှာရှိသော သက်ကြီးရွယ်အိုများ၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကုလသမဂ္ဂအဖွဲ့ကြီးက နှစ်စဉ်အောက်တိုဘာလ(၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ဟု သတ်မှတ်ထားခဲ့ကြောင်း၊ မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းသည် ရှေးအစဉ်အလာအဆက်ဆက်ကတည်းက သက်ကြီး ဘိုးဘွားများ ကို လေးစားတန်ဖိုးထားတတ်ကြပြီး သားသမီး၊ မြေးမြစ်များက အတူနေထိုင် ပြုစုစောင့်ရှောက် တတ်ကြသည့်အစဉ်အလာအားဖြင့် မှတ်ယူခဲ့ကြောင်း၊ သက်ကြီးဘိုးဘွား ပြုစုစောင့်ရှောက်ရေးအတွက် မိသားစုအဆင့်နှင့်ရပ်ရွာ အဆင့်စနစ်များကိုပိုမိုခိုင်မာ အားကောင်းလာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ အနေဖြင့်ဘိုးဘွားများဖြတ်သန်းကြုံတွေ့လာခဲ့ရသည့် အတွေ့အကြုံ ပညာရပ်နှင့်ဗဟု သုတများသည်တန်ဖိုးမဖြတ်နိုင်သော အရာများဖြစ်ပြီး အတွေ့အကြုံနှင့် ပညာရပ်များကို အနာဂါတ်မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းမျှဝေပေးနိုင်ရန်နှင့် သက်ကြီးဘိုးဘွားများ၏ အတွေ့အကြုံများ၊ ပညာရပ်များကို အသုံးချနိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသွားရမှာဖြစ်ကြောင်း၊ သက်ကြီးဘိုးဘွားများ၏ ဘဝအမှန်တကယ်လုံခြုံမှုရှိရေးနှင့် သက်ကြီးဘိုးဘွားများ၏စွမ်းအားကို နိုင်ငံတော်တည်ဆောက် ရေးဖြစ်စဉ်မှာ ထည့်သွင်းအသုံးပြု သွားနိုင်ရေးအတွက် အခွင့်အလမ်းဖန်တီးပေးဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့က အဘိုး/အဘွားများအား အလှူငွေနှင့် ကန်တော့ပစ္စည်းများ ပေးအပ်ပြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဘိုးဘွားများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ကန်တော့ခံ အဘိုး/အဘွား(၃၅)ဦးအပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘိုးဘွား(၉၅)ဦးအတွက် တစ်ဦးလျှင်ကန်တော့ငွေနှင့် ကန်တော့ပစ္စည်း စုစုပေါင်းတန်ဖိုးကျပ် (၁)သိန်းနှုန်းဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အသက်အကြီးဆုံး (၃)ဦးအတွက် တစ်ဦးလျှင်ကျပ်(၂)သိန်းနှုန်းဖြင့်လည်းကောင်း၊ စုစုပေါင်းလှူဒါန်းငွေကျပ် (၁၀၁) သိန်းဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)