ဟားခါး အောက်တိုဘာ ၁
စနစ်သစ်တက္ကသိုလ်ဝင်တန်း Grade – 12 အောင်ချက်မြင့်မားရေးအတွက် ဟားခါးတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများ၏ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း အားဖြည့်သင်ကြားပို့ချပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်း၌ ကျင်းပပြုလုပ် သည်။
အခမ်းအနားတွင် ဟားခါးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက စနစ်သစ်တက္ကသိုလ်ဝင်တန်း ၂၀၂၄ ပညာသင်နှစ် Grade – 12 အောင်ချက်မြင့်မားရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ဟားခါးတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Grade – 12 ကျောင်းသား/ ကျောင်းသူ များအား စနစ်သစ်ပညာရေး၏ (21st Century Skills) သင်ကြား၊ သင်ယူမှုနည်းလမ်းများဖြစ်သည့် (5 C) Collaboration, Communication, Critical Thinking, Creativity, Citizenship များကို နားလည်သဘောပေါက်စေ လိုကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာရေး ရည်မှန်းချက်များ ထားရှိပြီး ဆရာ/ဆရာမများ၏ သင်ကြားပိုချမှုများကို လေးလေးနက်နက် သင်ယူ မှတ်သားစေလိုကြောင်း၊ Grade – 12 အောင်မြင်ပြီးနောက် အနာဂတ်ပညာရေး လမ်းကြောင်းများကို သိရှိရန် အရေးကြီးပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပြည်နယ်အကျိုး၊ တိုင်းပြည် အကျိုးဆောင်ရွက်နိုင်သော ပညာတတ်များဖြစ်ရန်နှင့် တိုင်းပြည်၏ အနာဂတ် နိုင်ငံသားကောင်းများ ဖြစ်အောင် ကြိုးစားသင်ယူကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ဟားခါးမြို့နယ်၊ မြို့နယ်ပညာရေးမှူးဦးထလာချူမ်က ကျေးဇူးတင်စကားပြောကြားပြီး ဟားခါးတက္ကသိုလ်၊ သင်တန်းရေးရာဌာနမှူး ဦးညိုဝင်းက ဘာသာရပ်များ သင်ကြားပို့ချ ပေးမည့် ဆရာ/ဆရာမများအား မိတ်ဆက်ပေးသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးကျော်စိုးဝင်းနှင့် တာဝန်ရှိသူများက စနစ်သစ် တက္ကသိုလ်ဝင်တန်း Grade – 12 အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား/ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာများ သင်ကြားပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)