ငဖဲမြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်တွင် ပထမဆုရရှိသူ ကျောင်းသူ(၂)ဦးအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ငဖဲ  အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌  ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီးအဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် ငဖဲမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အဆို နှင့်အကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ကြသော ကျောင်းသူ (၂)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက တိုင်းဒေသကြီးအဆင့်တွင် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ၌ ငဖဲမြို့နယ်မှ ခရိုင်အဆင့်၊တိုင်းအဆင့် မြို့နယ်ဂုဏ်ဆောင် ပထမဆု ရရှိအောင် ဝင်ရောက် သီဆိုကပြယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသူများကို အထူးဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆက်လက်ပြီး နေပြည်တော်အဆင့်ယှဉ်ပြိုင်မှုတွင် ဆုရရှိအောင်ကြိုးစားသွားကြစေလို ကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာ ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ထွန်း နှင့်အဖွဲ့ဝင်များက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မင်းဘူးခရိုင်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် အသက် (၁၅)နှစ်မှ (၂၀)နှစ်အောက် အဆို (ကာလပေါ်) ပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သူ အ.ထ.က(ငဖဲ) Grade-10 မှ မမေမြတ်နိုးခင်နှင့် အသက် (၁၀) နှစ်မှ (၁၅)နှစ်အောက် အကပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သူ အ.ထ.က(ငဖဲ)   Grade-6 မှ မခတ္တာလှိုင် တို့အား ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ရာ ကျောင်းသူများက လက်ခံရယူခဲ့သည်။

 (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ အဆိုပြိုင်ပွဲ မင်းဘူးခရိုင်အဆင့်တွင် အ.ထ.က(ငဖဲ) Grade-10 မှ မမေမြတ်နိုးခင်က မောင်ကြီးနိဗ္ဗာန်ဆော် သီချင်း၊ တိုင်းဒေသကြီးအဆင့်တွင် အနန္တမေတ္တာ ကာလပေါ်သီချင်းများဖြင့် ပထမဆုရရှိခဲ့ပြီး Grade-6မှ မခတ္တာလှိုင်က  တပင်တိုင် အကဖြင့် ပထမဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)