မြိတ် အောက်တိုဘာ ၁
(၅၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို နိုင်ငံတဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပုလဲရတနာခန်းမတွင် ယနေ့နံနက်(၉)နာရီက မြိတ်ခရိုင် ရဲတပ်ဖွဲ့မှကြီးမှူးကျင်းပခဲ့ပြီး မှုခင်းများ စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုခဲ့သည်။
မြိတ်ခရိုင်အတွင်း အမှုကြီး(ဆယ်)မျိုး မှုခင်းဖြစ်ပွားမှုအနေဖြင့် (၂၀၂၂)ခုနှစ်တွင် လူသတ်မှု(၃၆)မှု၊ လုယက်မှု(၁)မှု၊ မုဒိမ်းမှု(၄)မှု စုစုပေါင်း(၄၁)မှု၊ (၂၀၂၃) ခုနှစ်တွင် ယနေ့အထိ လူသတ်မှု(၂၀)မှု၊ မုဒိမ်းမှု(၅)မှု၊ စုစုပေါင်း(၂၅)မှုဖြစ်ပွားခဲ့ကြောင်း၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် (၂၀၂၂)ခုနှစ်တွင် (၃၁၆)မှု၊ တရားခံ(၅၆၄) ဦး၊ (၂၀၂၃)ခုနှစ်တွင် ယနေ့အထိ (၁၅၇)မှု၊ တရားခံ (၂၅၄)ဦးကို မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့သည်။
အခမ်းအနားတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကားပြောကြားပြီး ရဲချုပ်ထံမှပေးပို့သော (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုးသက်က ဖတ်ကြားသည်။ ထို့နောက် မှုခင်းများ စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့သော ရဲအရာရှိများနှင့် အခြားအဆင့်တပ်ဖွဲ့ဝင်များအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Click ပြသရာ တက်ရောက်လာကြသူများက ကြည့်ရှုခဲ့ကြပြီး အခမ်းအနားတွင်အပြီးတွင် ခန်းမအတွင်း ပြသထားသည့် ယာဉ်အန္တရာယ်လမ်းအန္တရာယ်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ၊ မြိတ်ခရိုင်အတွင်း ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ဖြစ်ပွားသည့်ယာဉ်တိုက်မှုဖြစ်စဉ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ မှုခင်းကြိုတင်ကာကွယ်မှုများ၊ သက်ငယ် မုဒိမ်းမှုကင်းစင်ရေး ကြိုတင်ကာကွယ်မှုများနှင့် ရဲတပ်ဖွဲ့၏ ပြည်သူ့အကျိုးပြုဆောင်ရွက်ချက်များ ပါဝင်သည့်ပြခန်းအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)