သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး Human Papilloma Virus (HPV) Vaccine ကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း လုပ်ငန်းအသိပေး ဆွေးနွေးပွဲ ကျင်းပ

ကျောက်တံခါး အောက်တိုဘာ ၂၀


ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အဆင့် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး Human Papilloma Virus (HPV) Vaccine ကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းခြင်းလုပ်ငန်းအသိပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာသန့်လွင်က သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး (HPV) ကိုပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းခြင်း လုပ်ငန်းစတင်ဆောင်ရွက်မှာဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာဟာ ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ စတုတ္ထမြောက်အများဆုံးဖြစ်တဲ့   ကင်ဆာရောဂါဖြစ်ပြီး ကျောက်တံခါး မြို့နယ်တွင် သားအိမ်ခေါင်းရောဂါကာကွယ်ဆေး(HVP)ကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ၂၀၂၀ခုနှစ် အောက်တိုဘာလ(၂၀)ရက်မှစတင်ပြီး  အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးကို ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာများရှိ သတ်မှတ် နေရာများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသူများက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေးမည့် အစီစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးက ပြန်လည်ဆွေးနွေးပြီး ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ  ဖြန့်ဝေခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများ၊ ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ကျောက်တံခါးမြို့နယ် တွင်(HPV)သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးမည့် အသက်(၉)နှစ်မှအသက်(၁၀)နှစ်ထိ မိန်း    ကလေးငယ် (၃၀၆၈)ဦး ရှိကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)