မြို့သစ် အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးအတွက်တောင်သူများ အားထားရသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်များ ရှိသည့်အနက် ဆဒ္ဒန်ဆည် ရေလှောင်တမံမှာ စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့တွင် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ၀.၉ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ၅၆၀.၅ ပေဖြစ်ပြီးလက်ရှိ ရေမှတ်မှာ ၅၆၁.၄ ပေ ရှိသည့်အတွက် ၀.၉ ပေခန့် ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း၊ ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အခြေအနေနှင့်ပတ်သက်၍ ဝန်ထမ်းများအား အလှည့်ကျရေကင်းတာဝန် ချထားကာ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)