လွိုင်ကော် အောက်တိုဘာ ၁
ငွေကြေးခဝါချမှုတိုက်ဖျက်ရေး(ဗဟို)အဖွဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (ကယားပြည်နယ်)တို့ ပူးပေါင်းကျင်းပသော AML/CFT ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အိမ်ခြံမြေအသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို လွိုင်ကော်မြို့နယ်ခန်းမတွင် ယမန်နေ့နံနက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့မှ (၁၄.၃.၂၀၂၂)ရက်စွဲပါ အမိန့်အမှတ်(၁/၂၀၂၂)ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ကြီးကြပ်ရေး အာဏာပိုင်အဖြစ် တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းဆိုသည်မှာ အိမ်ခြံမြေနှင့် စပ်လျဉ်းပြီး ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်း၊ လှဲလှယ်ခြင်း၊ ပေါင်နှံခြင်း စသည်များကို ဝန်ဆောင်ခရယူပြီး ဆောင်ရွက်ပေးသည့် လုပ်ငန်းဖြစ်ကြောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူများကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးလျက်ရှိရာ အဆိုပါအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်ရရှိသူများကိုသာ တရားဝင်လုပ်ကိုင်ခွင့် ရရှိမှာဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် မှတ်ပုံတင်အဖွဲ့မှ သတ်မှတ်ပေးသည့် အချက်အလက်နှင့် ပြည့်စုံစွာဖြင့် လျှောက်ထားကြရန် လိုအပ်ကြောင်း၊ လွိုင်ကော်မြို့နယ်သည် ကယားပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်သည့်အတွက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများပြားလျက် ရှိရာ ယခုဖွင့်လှစ်သောသင်တန်းကို တက်ရောက်ပြီး သိရှိနားလည်မှသာ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းဉက္ကဋ္ဌ ဒေါ်မော်မော်ဦးက မြန်မာနိုင်ငံတွင် အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း တည်ထောင်ထားရှိမှုအခြေအနေနှင့် ဆောင်ရွက်ပေးမည့်လုပ်ငန်းကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဒေါ်ဉမ္မာက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆိုပါ သင်တန်းတွင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းနှင့်ပတ်သက်သည့် လယ်ယာမြေဉပဒေဆိုင်ရာ ဘာသာရပ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ ဘာသာရပ်နှင့် အခွန်ဆိုင်ရာ ဘာသာရပ်များကို သက်ဆိုင်ရာဌာနများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)