မကွေး အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၉ ရက်နေ့ ညနေ (၄)နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်ဦးစီး ဗိုလ်မှူးကြီး ဇော်ဇော်ထွန်း၊ တရားသူကြီးချုပ် ဦးမြင့်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင်များနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲအဖြစ် အဆိုပြိုင်ပွဲတွင် မဟာဂီတဝါသနာရှင်အဆင့် ဆုရရှိသူများ၊ မဟာဂီတ အဆင့်မြင့်ပညာတွင် ဆုရရှိသူများ၊ မဟာဂီတအခြေခံပညာတွင် ဆုရရှိသူများ၊ ခေတ်ဟောင်း/ ကာလပေါ် အဆိုပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်ဦးစီး ဗိုလ်မှူးကြီး ဇော်ဇော်ထွန်း၊ တရားသူကြီးချုပ် ဦးမြင့်သိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းမြင့်တို့က ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုဆုလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ပြီး မဟာဂီတ အခြေခံပညာ ပြိုင်ပွဲတွင် ပထမဆုရရှိသူက ပြန်လည်ဖျော်ဖြေ တင်ဆက်ခဲ့သည်။
ဆက်လက်၍ အကပြိုင်ပွဲများဖြစ်သည့် အကဝါသနာရှင်ပြိုင်ပွဲ၊ အကအဆင့်မြင့် ပညာပြိုင်ပွဲ၊ အကအခြေခံပညာပြိုင်ပွဲနှင့် ကဗျာလွတ်အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲများဖြစ်သည့် ဝါသနာရှင် ပြိုင်ပွဲ၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာအရေးပြိုင်ပွဲများ၊ အတီးပြိုင်ပွဲများ ဖြစ်သည့် စန္ဒယား (ဝါသနာရှင်၊ အခြေခံပညာ) အတီးပြိုင်ပွဲ၊ ပတ္တလား (ဝါသနာရှင်၊ အခြေခံပညာ)အတီးပြိုင်ပွဲ၊ တယောအခြေခံ ပညာပြိုင်ပွဲ၊ မယ်ဒလင် ဝါသနာရှင်ပြိုင်ပွဲ၊ ဆိုင်း တစ်ဦချင်းနှင့် အဖွဲ့လိုက် အတီးပြိုင်ပွဲ၊ နှဲဝါသနာရှင် ပြိုင်ပွဲ၊ အိုးစည်(ဝါသနာရှင်၊ အခြေခံပညာ)၊ ဒိုးပတ်(ဝါသနာရှင်၊ အခြေခံပညာ) ပြိုင်ပွဲများတွင် ဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြု ဆုလက်မှတ်များအား အသီးသီး ချီးမြှင့်ပေးအပ်ကာ၊ ပြိုင်ပွဲတွင် အဆို၊ အက ဆုရရှိသူများက ကပြ သီဆို ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့် ပထမ အကြိမ်ပြိုင်ပွဲမှ ယခု(၂၄)ကြိမ်မြောက်အထိ ကူညီဆောင်ရွက်ပေးခဲ့သော ပညာရှင်ကြီးများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဂါရဝပြုဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ကာ၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သော ဦးစီးကော်မတီ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မိမိတို့ ရိုးရာယဉ်ကျေးမှုများအား ဖော်ထုတ်ထိန်းသိမ်းနိုင်ပြီး၊ တိုင်းဒေသကြီးအတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် မြန်မာ့ရိုးရာဂီတများအား စိတ်ဝင်စားလာကာ မြန်မာ့ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းနိုင်စေရန်၊ မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းနိုင်စေရန်၊ တိုင်းဒေသကြီးဂုဏ်ဆောင် အနုပညာရှင်များ ပေါ်ထွန်းလာစေရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင် နိုင်စေရန် ရည်ရွယ်၍ စက်တင်ဘာလ (၂၅)ရက် နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆု (၅၉)ဆု၊ ဒုတိယဆု (၄၀)ဆု၊ တတိယဆု(၂၃)ဆုနှင့် အထူးဆု (၆)ဆု စုစုပေါင်း ဆုတံဆိပ်(၁၂၈) ဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ