လှိုင်းဘွဲ စက်တင်ဘာ ၃၀
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအရ လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စျေးကော်မတီတို့ပူးပေါင်း၍ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် စျေးရောင်း၊ စျေးဝယ်ပြုလုပ်သွားနိုင်စေရေးအတွက် အခွန်လွတ်စျေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တိုင်း လှိုင်းဘွဲမြို့ (ခ) ရပ်ကွက်၊ စာကြည့်တိုက်ကုန်းရှိ ဗိုလ်ချုပ်လမ်းတွင် ဖွင့်လှစ်ပေး၍ ဈေးများရောင်းချပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် စိုက်ပျိုးသော သီးနှံများနှင့် အသား၊ ငါးများအား အဆိုပါ အခွန်လွတ်ဈေး၌ လာရောက်ရောင်းချကြကြောင်း သိရသည်။
အဆိုပါ အခွန်လွတ်ဈေးတွင် လှိုင်းဘွဲမြို့နယ် မွေးမြူရေးဇုန်မှ ထွက်ကုန်များနှင့် မြို့အနီးဝန်းကျင်ရှိ ကျေးရွာများမှ မွေးမြူရေးလုပ်ကိုင်ကြသူများ၏ ကိုယ်တိုင်မွေးမြူထားသော ကြက်သား၊ ဝက်သား၊ နွားနို့၊ ကြက်ဥ၊ မွေးမြူရေးငါးများနှင့် မြစ်ချောင်းအင်းအိုင်များမှ ငါး၊ ပုဇွန်များ၊ ရွာသားများကိုယ်တိုင် စိုက်ပျိုးထားသော ကန်စွန်းရွက်၊ ချည်ပေါင်ရွက်၊ ဘူးသီး၊ ရုံပတီသီး စသည့်ရာသီပေါ် ဟင်းသီးဟင်းရွက်များ၊ ဘုရားပန်းများ အပါအဝင် မနက်စာအဖြင့် မြန်မာမုန့်များ ဖြစ်ကြသည့် ကောက်ညှင်းထုပ်၊ မုန့်စိမ်းပေါင်း၊ မုန့်ဦးနှောက်၊ မုန့်ဖက်ထုတ်၊ ဘိန်းမုန့်၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းဆီ ထမင်းများကို အခွန်လွတ်ဈေး၌ လာရောက်ရောင်းချပေးကြရာ စျေးဝယ်လာကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)