(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်မြို့တွင် အသိပညာပေးပြခန်းမော်တော်ယာဉ်များဖြင့် အခြေခံပညာကျောင်းများသို့ လိုက်လံပြသ

မြိတ် စက်တင်ဘာ ၃၀

(၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အခြေခံပညာကျောင်းများသို့ အသိပညာပေးပြခန်း မော်တော်ယာဉ်များဖြင့် ယနေ့ နံနက် (၉)နာရီက မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုးသက် ဦးဆောင်၍ ကျောင်သား/သူများအား လိုက်လံ ပြသ အသိပညာပေးခဲ့ကြသည်။

အသိပညာပေးရာ၌ အသိပညာပေးပြခန်းယာဉ်များတွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ၊ မြိတ်ခရိုင်အတွင်း ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ဖြစ်ပွားသည့် ယာဉ်တိုက်မှုဖြစ်စဉ်များ၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ ဆေးဝါးအန္တရာယ်ကြိုတင် ရှောင်ရှား ကာကွယ်မှုများနှင့် မူးယစ်ဆေးဝါး ပြစ်မှု၊ ပြစ်ဒဏ်များ၊ မှုခင်းကြိုတင်ကာကွယ်မှုများ၊ သက်ငယ်မုဒိမ်းမှုကင်းစင်ရေး ကြိုတင်ကာကွယ်မှုများနှင့် ရဲတပ်ဖွဲ့၏ ပြည်သူ့အကျိုးပြုဆောင်ရွက်ချက်နှင့်ပတ်သက်သည့် ပညာပေးပြဘုတ်များဖြင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများအား ပညာပေးခဲ့ကြသည်။

အသိပညာပေးခြင်းကို မြိတ်ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြိတ်မြို့မရဲစခန်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြိတ်)၊ ရေကြောင်းရဲတပ်ဖွဲ့စု(မြိတ်)၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု(မြိတ်)၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ်(မြိတ်)တို့ ပူးပေါင်း၍ အသိပညာပေးပြခန်းမော်တော်ယာဉ် (၈)စီးဖြင့် အခြေခံပညာကျောင်းများသို့ လှည့်လည်ပြီး ကျောင်းသား/သူမျာအား အသိပညာပေးခဲ့ကြသည်။

အသိပညာပေးအစီအစဉ်ကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းနန်း၊ ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )