ဝန်းသိုမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား (HPV) ကာကွယ် ဆေး စတင်ထိုးနှံပေး

ဝန်းသို အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနရှိ  အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၈ နာရီအချိန်က ပုံမှန်ကာကွယ်ဆေးထိုး/ တိုက် အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး (HPV) စတင် ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ တင့်လွင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့ပေါ်ရှိ အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာ ကင်းဝေးစေရေးအတွက် ပထမ အကြိမ်  အိတ်ချ်ပီဗီကာကွယ် ဆေးထိုးနှံပေးခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

ဝန်းသိုမြို့နယ်တွင် အဆိုပါကာကွယ်ဆေးကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလမှစ၍ ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင် အသက် (၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်များ၊ တစ်နည်းအားဖြင့် (၁-၉-၂၀၁၀)မှ (၃၁.၈.၂၀၁၁) အတွင်းမွေးဖွားသော အမျိုးသမီး ငယ်များ ရည်မှန်းဦးရေ ၇၆၅ ဦးကို ပထမအကြိမ် ထည့်သွင်းထိုးနှံသွားမည်ဖြစ်ပြီး ကာကွယ်မှုအပြည့်အဝရရှိရန်အတွက် ပထမအကြိမ် ထိုးနှံအပြီး (၁၂) လ ခြားကာ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)