ပွင့်ဖြူ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖန်တီးပေးနိုင်ရန်နှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အိမ်တွင်းမှုစက်ချုပ်(မွမ်းမံ)သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စိုးစိုးစံက ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့သည့် စက်ချုပ်နည်းပညာများကို လက်တွေ့အသုံးချပြီး ဒေသဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားရန်၊ မိမိတို့ ရပ်ရွာရှိ အခြေခံစက်ချုပ်ပညာရပ် စိတ်ဝင်စားသည့် လူငယ်မောင်မယ်များအား သင်ယူတတ်မြောက်ထားသည့် စက်ချုပ်နည်းပညာများကို လက်ဆင့်ကမ်း မျှဝေသင်ကြားပေးရန်နှင့် စီမံကိန်း၏ ရည်မှန်းချက်များကို အောင်မြင်အောင် ကြိုးပမ်းလုပ်ကိုင်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက အိမ်တွင်းမှု စက်ချုပ်(မွမ်းမံ)သင်တန်းတွင် လက်တွေ့ လုပ်ငန်းထူထောင်ဆောင်ရွက်မည့် သင်တန်းသူ(၅)ဦးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ငွေကျပ်(၁၀)သိန်းနှင့် ညီမျှသော စက်ချုပ်လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသူများအတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် သင်တန်းဖွင့်လှစ်သင်ကြားပေးမှုအပေါ် သင်တန်းသားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ယခု ဖွင့်လှစ်သည့် အိမ်တွင်းမှုစက်ချုပ်နည်းပညာ(မွမ်းမံ)သင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်း ခေတ်မီစံပြကျေးရွာအဖြစ် ဖော်ဆောင်လျက်ရှိသည့် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာမှ သင်တန်းသူဦးရေ ၁၅ ဦး တက်ရောက်သင်ကြားခဲ့ပြီး စက်တင်ဘာ ၁၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၁၅)ရက်ကြာ စာတွေ့၊ လက်တွေ့ အခမဲ့ သင်ကြားပို့ချပေးခဲ့ကြောင်း မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စိုးစိုးစံ ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )