တတိယအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း

ဘားအံ စက်တင်ဘာ ၃၀

နေပြည်တော် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေ အရာရှိများ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များ၊ ဒုတိယရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး ပြည်နယ်ဥပဒေအရာရှိ ဦးတင်မြင့်ဦးက ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးမှာကြားသည်။

အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ ကရင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ် ဥပဒေအရာရှိ(၃၁)ဦး တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)