ဘားအံ စက်တင်ဘာ ၃၀
ကရင်ပြည်နယ်ကို မွေးဖွားသန့်စင်သောနေ့၊ ရာသီအချိန်အခါအရ ဆောင်းဦးကာလ သာယာသောအချိန် အခါသမယဖြစ်သည့် နိုဝင်ဘာလ ၇ ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ ၁၉၅၅ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင်(၆၈)နှစ်သို့ ရောက်ရှိတော့မည်ဖြစ်ရာ ကရင်ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ကရင်တိုင်းရင်းသားများနှင့်အတူ ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ မွန် အစရှိသော တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီးစွာ အတူတကွ ယှဉ်တွဲနေထိုင်လျက်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ တန်ဖိုးမဖြတ်နိုင်သော ရိုးရာဓလေ့များကို ဂုဏ်ယူဖွယ် ပိုင်ဆိုင်သော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို အနှစ်သာရပြည့်ဝစွာနှင့် စည်ကား အောင်မြင်စွာကျင်းပနိုင်ရေး စီမံခန့်ခွဲမှုကော်မတီနှင့် အထောက်အကူပြုကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး အထောက်အကူပြုလုပ်ငန်းကော်မတီများက မိမိတို့ဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် ကြိုတင်စီမံဆောင်ရွက်ထားမှုအခြေအနေကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အထောက်အကူပြုလုပ်ငန်းကော်မတီ(၁၆)ခုမှ အတွင်းရေးမှူးများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ကရင်ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကရင်ရိုးရာဒုံးအကပြိုင်ပွဲ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ရိုးရာလှေလှော်ပြိုင်ပွဲ၊ သစ်သီးဝလံနှင့်ပန်းမန်ပြိုင်ပွဲ၊ ဒေသအစားအစာနှင့် မုန့်ဈေးရောင်းပွဲ၊ ပျော်ပွဲရွှင်ပွဲများ၊ ဌာနဆိုင်ရာများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလုပ်ငန်း(MSMEs) လုပ်ငန်းရှင်များ၏ ပြခန်း၊ ပြကွက်များ ထည့်သွင်းကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ နေပြည်တော်တွင်ကျင်းပမည့် ၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသော ကရင်ပြည်နယ်လက်ဝှေ့အသင်းမှ အားကစားသမားများအား စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်လက်ဝှေ့အသင်းမှ အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ဝှေ့အားကစားနည်းဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်နည်းပြ၏ လေ့ကျင့်သင်ကြားပေးမှုဖြင့် မျှော်မှန်းထားသော ကြီးမားသည့်အောင်မြင်မှုတစ်စုံတစ်ရာကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အားကစားသမားများ၏ ကြိုးစားမှု၊ အောင်မြင်မှုအပေါ်တည်မှီပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိုက်တန်သော ဂုဏ်ပြုချီးမြှောက်အားပေးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သွားရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲတွင် ကရင်ပြည်နယ်လက်ဝှေ့အသင်းအနေဖြင့် တံခွန်စိုက်ဆုရရှိအောင် အစွမ်းကုန် ကြိုးကုပ်အားထုတ်ယှဉ်ပြိုင်ခဲ့ကြရန်နှင့် ကရင်ပြည်နယ်အားကစားအဆင့် သတ်မှတ်ချက်မြင့်မားလာအောင် စွမ်းဆောင်ပေးခဲ့ကြစေလိုကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်လက်ဝှေ့အသင်းထံ အောင်နိုင်ရေးအလံ ပေးအပ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ငွေကျပ်(၁၀)သိန်းကိုပေးအပ်ကာ၊ ဇော်သကကုမ္ပဏီ၊ နယူးစိတ်တိုင်းကျကုမ္ပဏီနှင့် အားကစားဝါသနာရှင်အလှူရှင်များက ငွေကျပ်(၂၅)သိန်း စုစုပေါင်းငွေကျပ် ၃၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲကို အောက်တိုဘာလ ၄ ရက်နေ့မှ ၁၁ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပြီး ကရင်ပြည်နယ်လက်ဝှေ့အသင်းမှ အမျိုးသမီး ၄၆ ကီလိုတန်းမှ ၆၃ ကီလိုတန်းထိ အတန်း ၈ တန်းတွင် အားကစားသမား ၈ ဦး၊ အမျိုးသား ၄၈ ကီလိုတန်းမှ ၈၀ ကီလိုတန်းထိ အတန်း ၁၀ တန်းတွင် အားကစားသမား ၁၀ စုစုပေါင်း ကျား၊ မ အားကစားသမား (၁၈)ဦး၊ နည်းပြ/အုပ်ချုပ်သူ (၅)ဦးတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)