တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လအနည်းငယ်ဖြင့် ဝင်ငွေရရှိသည့် ပြောင်းဖူးအား ရာသီမရွေးစိုက်ပျိူးအောင်မြင်

တောင်တွင်းကြီး      စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပေါက်ကုန်း၊ ကျောင်းကုန်းကျေးရွာများတွင် လအနည်းငယ်ဖြင့် ဝင်ငွေရရှိသည့် ပြောင်းဖူးအား ရာသီမရွေးစိုက်ပျိူးလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပြောင်းဖူးကို ဇူလိုင်လမှာ စတင်စိုက်ပျိူးပြီး စက်တင်ဘာလတွင် ဆွတ်ယူ ရောင်းချရ‌ကြောင်း၊ စိုက်ပျိုးတဲ့အခါ ပင်ကြား ၁၅ လက်မနဲ့ တန်းကြားနှစ်ပေထားပြီးစိုက်ပျိူးပြီး ကုန်ကျမှု စရိတ်အနေဖြင့် တစ်ဧကကို မျိူးစေ့၊ ထွန်ယက်ခ၊ ဓာတ်မြေဩဇာနဲ့ အလုပ်သမားခအပါအဝင် စုစုပေါင်း ကုန်ကျငွေ ရှစ်သိန်းခန့်ရှိကာ ဆွတ်ခူးရောင်းချချိန်တွင် တစ်ဧကပျှမ်းမျှရောင်းရငွေ ၂၀ သိန်းခန့်ရှိသဖြင့် တစ်ဧက အမြတ်ငွေ ၁၂ သိန်းခန့်ရှိကြောင်း၊ ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် လအနည်းငယ်ဖြင့် ဝင်ငွေရရှိသဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေပြီး အပိုဝင်ငွေရရှိသောကြောင့် ပေါက်ကုန်း၊ ကျောင်းကုန်းကျေးရွာများတွင် ပြောင်းဖူးကို ရာသီမရွေး အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း ပေါက်ကုန်းကျေးရွာမှ ပြောင်ဖူးစိုက်တောင်သူ ဦးအောင်ဌေး ထံမှသိရသည်။

အခင်းမှထွက်ရှိသည့် ပြောင်းဖူးများအား အရွယ်အစားပေါ်မူတည်၍ တစ်ဖူးလျှင် ငွေကျပ် နှစ်ရာ့ခုနစ်ဆယ်၊ နှစ်ရာရှစ်ဆယ်ကျပ်နှုန်းဖြင့် ဝယ်ယူရပြီး ပြန်လည်ရောင်းချမှုအနေဖြင့် တစ်ဖူးလျှင် ငွေကျပ် နှစ်ရာကိုးဆယ်၊ သုံးရာနှုန်းဖြင့် ပြန်လည်ရောင်းချကာ တစ်နေ့အမြတ်ငွေ နှစ်သောင်းဝန်ကျင်ခန့်ရှိကြောင်း ကျောင်းကုန်းကျေးရွာမှ ပြောင်းဖူးရောင်းချသူ ဦးဇော်လင်းကလည်း ပြောကြားသည်။

အဆိုပါ ထွက်ရှိသည့်ပြောင်းဖူးများအား တောင်တွင်းကြီး - နတ်မောက် ကားလမ်းမကြီးဘေး တစ်လျှောက် ရောင်းချသည့်အပြင် မကွေး၊ နတ်မောက် စသည့် မြို့များကိုလည်း တင်ပို့ရောင်းချလျက်ရှိပြီး ပြောင်းဖူးစားသုံးခြင်းဖြင့် ပြည်သူများအနေဖြင့် နေ့စဉ်လူနေမှုဘဝတွင် ကျန်းမာသောဘဝများ ‌ရေရှည်ရပ်တည် နိုင်ရေးအတွက် အာဟာရဓာတ်များစွာကြွယ်ဝပြီး ကျန်းမာရေးကို များစွာ အထောက်အကူပြုစေကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)