ထားဝယ် စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအားစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျား စာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံးဝင်း အတွင်းရှိဝန်ထမ်းများနှင့်မိသားစုဝင်များအား သုတ/ရသ စာအုပ် စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများကမီးသတ်ဦးစီးဌာနမှအရာထမ်း၊ အမှုထမ်းများနှင့်မိသားစုဝင်များ အားငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသစာအုပ် စာစောင်များငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ် ပရိသတ်များငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့ စာကြည့်တိုက်သို့ မည်သူမဆိုလာရောက် အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း ၊ ရုပ်ပြနှင့် အသိပညာဗဟုသုတ များစွာရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၃၅၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)