ပွင့်ဖြူမြို့နယ်၌ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်သန်း ၁၃၀ အား ထုတ်ချေးပေး

ပွင့်ဖြူ စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး၊  မွေးမြူရေး၊ သမဝါယမလုပ်ငန်းကဏ္ဍနှင့် အသေးစား၊ အလတ်စား၊ အကြီးစား စက်မှုကဏ္ဍလုပ်ငန်းများအတွက် ရန်ပုံငွေကျပ် ၁၃၀ သန်း ထုတ်ချေးပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပွင့်ဖြူမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်း ဒေသခံပြည်သူလူထုလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးပြည့်ဝသော ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို မတည်ထုတ်ချေးဆောင်ရွက်ပေးခြင်းဖြစ်၍ စီမံကိန်းချေးငွေများကို အကျိုးရှိရှိသုံးစွဲလုပ်ကိုင်ကြရန်နှင့် စီမံကိန်းချေးငွေတွင်ပါဝင်သော သတ်မှတ်စည်းကမ်းချက်များကို အလေးထား လိုက်နာဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်ကြမည့် ဒေသခံပြည်သူများက မိမိတို့ဆောင်ရွက်လုပ်ကိုင်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများနှင့်စပ်လျဉ်းပြီး ဆွေးနွေးတင်ပြကာ စီမံကိန်းတွင်ပါဝင်သော သတ်မှတ်စည်းကမ်းချက်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ဒေသအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် MSME လုပ်ငန်းများ အကောင်အထည်ဖော်‌ဆောင်ရွက်မည့် ဒေသခံလုပ်ငန်း(၄)ဦးအတွက် စီမံကိန်းချေးငွေကျပ်သန်း ၁၃၀ ကို စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြသည်။

ယခု ထုတ်ချေးပေးခဲ့သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို ငွေကျပ် ၁၀၀ လျှင် ပြား(၇၀) အတိုးနှုန်းထားဖြင့် ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကာ လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ အတိုးနှုန်းထားနှင့် အရစ်ကျငွေများကို (၆)လတစ်ကြိမ် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းနှင့် ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီမှ ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)