တီးတိန်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ပြုလုပ်

တီးတိန် စက်တင်ဘာ ၂၉

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမ၌ ပြုလုပ်သည်။

ဦးစွာမြို့နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများအား သတ်မှတ်ချက်နှင့် ကိုက်ညီသည့် တောင်သူများထံ ထုတ်ချေးနိုင်ရေးသည် အရေးကြီးကြောင်း၊ မြို့နယ်မှတစ်ဆင့်ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီ၏ ငွေစာရင်းအကောင့်၏ (OA)များသို့ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ရပ်ကွက်/ကျေးရွာကော်မတီမှ တောင်သူတစ်ဦးချင်းစီ လက်ဝယ်အရောက်ရန်ပုံငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံဦးခွါလ်လျန်းမုန်က အရင်းမပျောက် မတည်ထောက်ပံ့ငွေ ထုတ်ချေးပေးခြင်းဆိုင်ရာ ညွှန်ကြားချက်များကို ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ အဆင့်စီမံကိန်းကြီးကြပ်ရေးကော်မတီနှင့် အိမ်ထောင်စုများထံသို့ အရင်းမပျောက် မတည်ထောက်ပံ့ငွေကျပ်သန်း‌ပေါင်း ၁၈၀ အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)