မြို့သစ်မြို့နယ် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မြို့သစ် စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့သစ်မြို့နယ် အမျိုးသမီးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ကိုယ်စား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးသန္တာက မြို့နယ်အမျိုးသမီးကော်မတီကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၂၆ရက်နေ့တွင် ကော်မတီဝင်(၁၄)ဦးဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်းထားကြောင်း၊ အမျိုးသမီးကော်မတီအနေဖြင့် လုပ်ငန်းတာဝန်(၈)ရပ်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့နယ်အဆင့် အမျိုးသမီးအခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်းဆွေးနွေးပွဲ၊ ဟောပြောပွဲများကို  ကော်မတီဝင်များမှ  ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊  အမျိုးသမီးများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်ခံရမှု၊ ထိခိုက်နစ်နာစေသော လူမှုဓလေ့ထုံးတမ်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့ခံရပါက မြို့နယ်အမျိုးသမီးကော်မတီထံ ဆက်သွယ်တိုင်ကြားနိုင်ပြီး  ကော်မတီဝင်များမှလည်း သက်ဆိုင်ရာဌာနအလိုက်  ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်အမျိုးသမီးကော်မတီဝင်များမှ မိမိတို့ဌာနအလိုက် ပေါင်းစပ်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)