ကော့သောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဆန္ဒမဲလက်မှတ်များအားစစ်ဆေး

ကော့သောင်း အောင်တိုဘာ ၂၀

ကော့သောင်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကော်မရှင်အဖွဲ့ဝင်များ ပညာရေးဝန်ထမ်းများဖြင့် ဆန္ဒမဲလက်မှတ်များအား ယနေ့နံနက်ပိုင်းက  ဖွင့်ဖေါက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

စစ်ဆေးမှုတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် ကော်မရှင်အဖွဲ့ဝင်များ တာဝန်ရှိသူများက ကြီးကြပ်ကာ ကော့သောင်း မြို့နယ်အတွင်း ရွေးကောက်ပွဲကာလအတွင်း အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များပေါ်တွင် ပုံနှိပ်ပါရှိသည့် လွှတ်တော်ကိုယ်စားလောင်း အမည် များ မှန်/မှန်၊ မဲလက်မှတ်တစ်စောင်တွင် ရှိသင့်ရှိထိုက်သည့် အချက်အလက်များ ပြည့်စုံမှု ရှိ/မရှိ၊ ထုတ်ယူရရှိသည့် အရေအတွက်အတိုင်း ပြည့်/မပြည့်၊ စွန်းထင်း/ စုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များ ပါဝင်မှု ရှိ/ မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ် ပါဝင်ရ မည့် ကိုယ်စားလှယ် လောင်း အရေအတွက် မှန်/မမှန်နှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အသုံးပြု သင်္ကေတ (Logo) များ မှန်ကန်မှု ရှိ/မရှိ တို့အား ဖွင့်ဖောက်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၂၇) ခုရှိပြီး  ရပ်ကွက်နှင့် ကျေးရွာ မဲရုံ (၆၈)ရုံ၊ တပ်ရင်းတပ်ဖွဲ့များမှာ မဲရုံ(၄)ရုံ ၊ တပ်မတော်နှင့် ရပ်/ကျေး ပေါင်းစပ်ထားသည့် မဲရုံ (၄) ရုံရှိကာ မြို့နယ်အတွင်း မဲရုံစုစုပေါင်း(၇၆)ရုံနှင့် မဲဆန္ဒရှင်ပေါင်း(၁၀၀၂၀၁)ဦးရှိကာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့မှာ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)