ရွှေတောင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်းများကွင်းဆင်းဆောင်ရွက်

ရွှေတောင် စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများကကျေးရွာများသို့ အရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူဦးဆောင်၍ ဒုတိယဦးစီးမှူးဒေါ်နီနီအောင်နှင့်ဝန်ထမ်းများက ရွှေတောင်မြို့နယ်၊ ကွေ့မအုပ်စု၊ ကွေ့မကျေးရွာ၊ မမဲအုပ်စု၊ မမဲလေးကျေးရွာနှင့် အောင်မင်္ဂလာ၊ နွားမယံအုပ်စု၊ ဖိုးသိန်းတန်ကျေးရွာများရှိကျေးရွာနေ တောင်သူများအားတွေ့ဆုံ၍ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်းနှင့်ပတ်သက်၍ သတ်မှတ်ချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ တစ်ရွာချင်းအလိုက် ချေးငွေများထုတ်ပေးခြင်း၊ အသေးစားစိုက်ပျိုးရေး၊ မွေးမြူ‌‌ရေးလုပ်ငန်းများကို ကွင်ဆင်းကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်းနှင့် ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ရွှေတောင်မြို့နယ်အတွင်းရှိ လျာထားကျေးရွာ(၄၃)ရွာအနက် ကျေးရွာ(၁၇)ရွာသို့ကွင်းဆင်း၍ ရန်ပုံငွေစုစုပေါင်း (၆၉၀.၁)သန်းထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြာင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်