ပွင့်ဖြူ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ငှက်ပျောဈေးကောင်းရရှိနေသည့်အတွက် ဒေသခံတောင်သူများက ယခုရက်ပိုင်း ရွာသွန်းသည့်မိုးဖြင့် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းအား စီးပွားဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။
ငှက်ပျောသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် သားတက်ဖြင့် မျိုးပွားခြင်း၊ အပင်တစ်သျှူးမျိုးပွားခြင်း စသည့် နည်းလမ်းများဖြင့် မျိုးပွား၍စိုက်ပျိုးနိုင်ပြီး သားတက်တွင်လှံစို့သားတက်နှင့် ရေစို့သားတက်ဟူ၍ ရှိကာ လှံစို့သားတက်သည် ပင်ခြေပိုင်းတွင် ကောင်းစွာကြီးထွားဖွံ့ဖြိုးပြီး အစောပိုင်းကာလတွင် အရွက်မှာ လှံသွားပုံသေးရှည်သော ရွက်ပြားပါရှိသည်။ မြေကျင်းအတွင်း မစိုက်ပျိုးမီ သားတက်ကို (၃ ၊ ၄ ) ရက်ခန့် အရိပ်အောင်မှာ ခေတ္တအခြောက်ခံထားပြီး စိုက်ပျိုးချိန်တွင် အပင်ခြေမှ(၂)ပေခန့်ချန်၍ သားတက်မပုပ်စေရန်အတွက် ပိုတက်ဆီယမ် ပါမင်းဂနိတ် ရောနှောထားသောရေတွင် စိမ်ပြီးမှ စိုက်ပျိုးသင့်သည်။ ထို့အပြင် ငှက်ပျောစိုက်ပျိုးမည့် မြေကိုလည်း မစိုက်ပျိုးမီ(၂)လကြိုတင်၍ ထယ်ရေးညက်ညက် ထွန်ယက်ပြီး စိုက်ပျိုးမည့်ကျင်းအတွင်း စပါးခွံ ၊ မြေဆွေး ၊ သစ်ရွက်ဆွေး ၊ နွားချေးတို့ကို မြေသားနှင့် ရောနှော၍ ထည့်ပေးထားသင့်ပါသည်။
ထို့အပြင် ငှက်ပျောစိုက်ပျိုးပြီးချိန် ပေါင်းမြက်များရှင်းလင်းရာတွင်လည်း ငှက်ပျောပင်၏အမြစ် ထိခိုက်မှုမရှိစေရန် အထူးဂရုပြုရှင်းလင်းဆောင်ရွက်ပေးသင့်သလို မိုးရာသီကာလ ရေစိမ့်ဆင်းမှုကောင်းစေရန် အပင်ခြေရေမဝပ်အောင် ငှက်ပျောပင်စည်ခြေကို မြေဖို့ခြင်းများ ပြုလုပ်ပေးသင့်ပါသည်။ သီးခိုင်များထွက်လာသည့်အချိန်တွင်လည်း ငှက်ပျောခိုင်မထိခိုက်စေရေးအတွက် ဝါးများဖြင့် ကျားကန်ထောက်ပေးခြင်း၊ နေလောင်ခြင်း ဖုန်တင်ခြင်းမရှိစေရန်နှင့် အသီးအရောင်လှပစေရန်အတွက် အသီးခိုင်အား ပလပ်စတစ်အိတ်ဖြင့်စွပ်ပေးခြင်း၊ ခြောက်သွေ့ဆွေးမြေ့နေသောအရွက်များနှင့် အပင်အစိတ်အပိုင်းများကို စနစ်တကျ ဖယ်ရှားရှင်းလင်းပေးခြင်း၊ ငှက်ပျောဖူး(အဖိုဖူး)များကိုဖြတ်ပေးခြင်း၊ ငှက်ပျောပင်များအား ထိခိုက်မှုမဖြစ်စေရေးအတွက် ဆီးနှင်းကျဆင်းမှုဒဏ်နှင့် လေပြင်းတိုက်ခတ်မှုဒဏ် ကင်းဝေးစေရေး လေကာပင်များကိုလည်း စိုက်ပျိုးထားသင့်ကြောင်း သိရသည်။
“ပွင့်ဖြူမြို့နယ်မှာ ငှက်ပျောဈေးကွက် ပြန်လည်ကောင်းမွန်လာတာကြောင့် ဒေသတွင်းရှိ ငှက်ပျောစိုက်ပျိုးတောင်သူတွေ လုပ်ငန်းအဆင်ပြေနေကြတယ်။ ငှက်ပျောဈေးကောင်းရရှိတာကြောင့် ဒေသခံတောင်သူက ယခုရက်ပိုင်း ရွာသွန်းတဲ့မိုးနဲ့ ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ ရခိုင်ငှက်ပျော၊ သီးမွှေးငှက်ပျောတွေကို စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်လာကြတယ်။ နောက်ပြီး ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းက ဖြစ်ထွန်းအောင်မြင်တယ်။ ဒီဒေသမှာ တောင်သူတွေအများဆုံးစိုက်ပျိုးတဲ့ ငှက်ပျောကတော့ ဖီးကြမ်းငှက်ပျောဖြစ်ပါတယ်။ ဖီးကြမ်းငှက်ပျောက လူကြိုက်များပြီး ဈေးပိုရတဲ့အတွက် တောင်သူတွေအများစုက အားထားစိုက်ပျိုးကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖီးကြမ်းငှက်ပျော တစ်ဖီးကို(၆၀၀၊ ၇၀၀) ဈေးလောက်နဲ့ ရောင်းချရပြီး ယခုလက်ရှိမှာ ဖီးကြမ်းငှက်ပျော တစ်ဖီးကို ငွေကျပ် ၁၇၀၀၊ ငှက်ပျောချဉ် တစ်ခိုင် ငွေကျပ် ၁၀၀၀၀၊ ရခိုင်ငှက်ပျော တစ်ဖီး ငွေကျပ် ၁၀၀၀ ဈေးနဲ့ ရောင်းချနေရတယ်။ ခုလို ငှက်ပျောဈေး ပြန်လည်ကောင်းမွန်လာတဲ့အတွက် တစ်ချို့တောင်သူတွေဆိုရင် ဝင်ငွေနှစ်သီးစား လုပ်ငန်းစနစ်နဲ့ ငှက်ပျောခြံကို ဧကအများကြီးစိုက်ပြီး ငှက်ပျောပျိုးပင်တွေကိုပါ ရောင်းချကြတယ်။ ဒါ့ကြောင့် ငှက်ပျောသီးနှံက စနစ်တကျ စိုက်ပျိုးလုပ်ကိုင်ပါက နှစ်သီးစားဝင်ငွေရရှိတဲ့ သီးနှံဖြစ်လို့ စိုက်ပျိုးလုပ်ကိုင်သင့်ပါတယ်”ဟု မုန်းဇလဲကျေးရွာမှ ဒေသခံတောင်သူ ဦးဆန်းထွန်းက ပြောသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)