ချောင်းဦးမြို့နယ်တွင် မိုးစပါး ၁၆၀၃၀ ဧက စိုက်ပျိုးပြီးစီး၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးလုပ်ငန်းများဆောင်ရွက်

ချောင်းဦး စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိုးစပါးစိုက် တောင်သူများအား ဖိတ်ကြားပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်၍ တိုင်းဒေသကြီး အစိုးရအစီအစဥ်ဖြင့် ရရှိလာသည့် ယူရီးယား မြေသြဇာများအား သက်သာ သော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်၌ မိုးစပါးကို ၁၇၆၄၃ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့ အချိန်အထိ ၁၆၀၃၀ ဧက စိုက်ပျိုးပြီးစီးနေပြီး စိုက်ပျိုးထားသော မိုးစပါးများအား အထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ စိုက်နည်းစနစ် မှန်ကန်ရေးအတွက် ပျိုးထောင်နည်းများပညာပေးခြင်း၊ ဘက်စုံ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းစနစ်များ၊ မျိုးစေ့ထုတ် နည်းပညာများ ပညာပေး၍ တိုင်းဒေသကြီး အစိုးရအစီအစဥ်ဖြင့် ယူရီးယားမြေသြဇာများကို စျေးနှုန်းချိုသာစွာ ရောင်းချပေး ကာ မြေသြဇာကို အကျိုးရှိရှိ အလေအလွင့်နည်းအောင် သုံးစွဲနည်းများ လက်တွေ့ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေး မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရသည်။

နည်းပညာပိုင်းကော မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန်ဝေပေးတာကော မြေသြဇာကိုလည်း အပြင်စျေးနဲ့မဟုတ်ဘဲ အဖိုးနှုန်းချိုသာစွာ ရရှိလို့ ကျွန်တော်တို့ တောင်သူတွေအတွက် အကျိုးကျေးဇူး အများကြီးရပါတယ်လို့ ခင်မွန်ကျေးရွာမှ တောင်သူဦးသောင်းဌေးထံမှ သိရပြီး ကျီကုန်း ကျေးရွာ တောင်သူ ဦးကြည်မောင်ထံမှလည်း ချောင်းဦးမြို့နယ်မှာ မိုးစပါးစိုက်ပျိုးထားတဲ့ လယ်တွေပိုးမွှားရောဂါ ကျရောက်မှုနည်းပြီး အပင်ဖြစ်ထွန်းမှုအားကောင်းကြောင်း ပြောပြ၍ သိရသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)