မြန်အောင် စက်တင်ဘာ ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စမ်း-ကံကြီး-အင်ပင်လမ်းပေါ်ရှိ သံကူကွန်ကရစ် တံတားတည်ဆောက်ခြင်းနှင့် မြန်အောင်-ကွင်းကြီးဒေါင့်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့ နေ့လယ်က ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွေးကိုကို၊ ဟင်္သာတခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကိုကိုသိန်းဇော်လင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် ဆောင်ရွက် သော မြန်အောင်မြို့နယ် စမ်း-ကံကြီး-အင်ပင်လမ်းပေါ်ရှိ သံကူကွန်ကရစ် တံတားတည်ဆောက်ခြင်း (အလျား ပေ ၆၀၊ အကျယ် ၂၀ ပေ၊ အမြင့် ၁၂ ပေ) ပထမပိုင်း ဆောင်ရွက်ပြီးစီးမှုနှင့် မြကျောက္ကာ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော မြန်အောင်-ကွင်းကြီးဒေါင့်လမ်း ကွန်ကရစ်ခင်းခြင်း (အရှည် ၀/၃ မိုင် × အကျယ် ၁၄ ပေ × အမြင့် ၇ လက်မ) ဆောင်ရွက် ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်)