ရေနံချောင်းမြို့ အစိုးရမူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရေနံချောင်း စက်တင်ဘာ ၂၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ရေနံချောင်း မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်လေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဉာဏစွမ်းရည်ပြိုင်ပွဲများ စတင်ကျင်းပရာ ရေနံချောင်းမူလတန်းကြိုကျောင်းမှ သားငယ် သမီးငယ်လေးများက ဥပုသ်စောင့်၊ 1.2.3.4 There are seven days မပန်းဖြူ၊ ခန္ဓာကိုယ်တစ်ခုလုံး၊ ကျောင်းကိုသွားမယ်၊ မြေကြီးကိုတူးကာယက် စသည့်သီးချင်းများ၊ ယုန်ဝါလေးပုံပြင်၊ အာဂယောက်ျားကဗျာ၊ ကိုယ်စီစွမ်းအားကဗျာ၊ ရှမ်းအိုးစည်ကဗျာ မနီကလေးကဗျာ စသည့်ခေါင်းစဉ်များဖြင့် စုစုပေါင်း ၇၈ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမီအောင်၊ ချောက်မြို့မူလတန်းကြိုကျောင်းမှ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စိုးမိနှင့် ချောက်မြို့ မူလတန်းကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းမမဝင်းတို့က အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ပြီး နှုတ်ခွန်းဆက်တတ်မှု၊ ဝတ်စားဆင်ယင်မှု၊ အသံကြည်လင်ပြတ်သားမှု၊ ကိုယ်အမူအယာ စသည့်ပြိုင်ပွဲစည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျည်းများအတိုင်း အကဲဖြတ်ဆောင်ရွက်ကာ ဆုရရှိသူများအား ရေနံချောင်းမြို့ မူလတန်းကြို ကျောင်းအုပ်ဆရာမကြီး ဒေါ်ပပအုန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)