အိမ်မဲမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကျင်းပ

အိမ်မဲ စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက် မီးသတ်ဦးစီးမှူးရုံးတွင် မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကျရောက်လာပါက တုံ့ပြန် ဆောင်ရွက်နိုင်ရန် အရန်မီးသတ်လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၃)ကို ဖွင့်ပွဲကို စက်တင်ဘာလ (၄)ရက်နေ့က ဆောင်ရွက်ခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ သင်တန်းတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက သင်တန်းဆင်းအမှာ စကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းတွင် ထူးချွန်သော သင်တန်းသားများနှင့် သင်တန်းဆင်း လက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် အရန်မီးသတ်တပ်ခွဲမှူး ဦးလှဝင်းက သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်းကို မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀၀)မှ သင်တန်း သား (၁၀၀) ဦး တက်ရောက်ခဲ့ပြီး ယမန်နေ့က သင်တန်းသားများ၏ မီးငြှိမ်းသတ်ရေးလေ့ကျင့်ခန်း သရုပ်ပြ ခြင်းကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေးခဲ့သည်။

သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)