ပွင့်ဖြူမြို့နယ်၌ မိုးရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၄ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော်ကျ

ပွင့်ဖြူ စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက်အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယခုရက်ပိုင်း မိုးရွာသွန်းမှုများကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာခဲ့ပြီး ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာရာ၌  တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေအထက် တမံရေပိုလွှဲမှ ၄ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံလက်ထောက်အင်ဂျင်နီယာ ဦးစိုးတင့်ထံက သိရသည်။

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် စက်တင်ဘာလဆန်းပိုင်းက မိုးရွာသွန်းမှုလျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်းကျဆင်းလာခဲ့ပြီး တမံရေပိုလွှဲမှ ၃ ဒသမ ၅ ပေခန့် ရေကျော်ကျခဲ့ရာမှ ယခုရက်ပိုင်းတွင် ထပ်မံ၍ မိုးရွာသွန်းမှုများကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှု တိုးလာခဲ့သဖြင့် ယနေ့နံနက်ပိုင်းက တမံရေပြည့် အမှတ်ဖြစ်သည့် ၃၄၀ ပေ အထက် ၄ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း  သိရသည်။  ထိုသို့ တမံရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း တမံအောက်ဘက်ရှိ ဒေသခံပြည်သူများအတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် တမံရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ အဆိုပါ တမံရေပိုလွှဲမှ ရေကျော်ကျမှုနှင့်ပတ်သက်ပြီး တာဝန်ကျ ဝန်ထမ်းများက အလှည့်ကျရေကင်းများ စောင့်ကြပ်ကြည့်ရှုစစ်ဆေးပြီး တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသိရှိနိုင်ရန် သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေးစီမံချက်အရ နေ့စဉ် တမံအတွင်း မိုးရေဝင်ရောက်မှုနှင့် ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေကို အချိန်နဲ့တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကာ ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ ဖူလုံစွာ အကျိုးပြုပေးလျက်ရှိသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် တမံအတွင်း မိုးရေဝင်ရောက်မှု တိုးလာသည့်အတွက် ရေအားလျှပ်စစ်စက်ရုံအား ၂၄ နာရီ စက်လည်ပတ်၍ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကိုလည်း မဟာဓာတ်အားလိုင်သို့ ပို့လွှတ်ကာ ပြည်သူလူထု လျှပ်စစ်မီးသုံးစွဲနိုင်ရန် အကျိုးပြုပေးလျက်ရှိကြောင်း အဆိုပါကြီးအုံကြီးဝတမံမှ တာဝန်ခံလက်ထောက်အင်ဂျင်နီယာ ဦးစိုးတင့်က ပြောသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)