ပဲခူး စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများတို့သည် မိုးယွန်းကြီးအင်း (ဘေးမဲ့တော) အတွင်းသို့ ဒေသငါးမျိုးများဖြစ်သော ၂ လက်မအရွယ်ရှိ ငါးပြေမငါးကောင်ရေ (၁) သိန်း၊ ငါးခုံးမငါးကောင်ရေ (၃) သောင်း၊ ငါးဖယ်အောင်းငါးကောင်ရေ (၇) သောင်း စုစုပေါင်းငါးကောင်ရေ (၂) သိန်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝဘေးမဲ့တောများသည် သက်ရှိများ၏ အစာကွင်းဆက်များ ပျက်စီးမှုမရှိစေရေးနှင့် ရေဝေရေလဲဒေသများ ကောင်းမွန်မှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်၊ မိုးယွန်းကြီးအင်း တရားမဝင် ကျူးကျော်ဝင်ရောက်နေထိုင်မှု၊ ကျူးကျော်စိုက်ပျိုးမှုမရှိစေရေး၊ တရားမဝင်မြေပြုပြင်ဆောင်ရွက်မှုမရှိစေရေး၊ ရှော့တိုက်ငါးဖမ်းခြင်းမရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဘုရားကြီးမြို့ရှိ မျိုးဘဲဖြန့်ဖြူးရေးခြံသို့ရောက်ရှိခဲ့ရာ ခြံတာဝန်ခံမှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကာကီကမ်းဘဲလ်(PS) ဥစားဘဲမျိုးများဝယ်ယူ၍ မျိုးမြှင့်ခြင်း၊ မျိုးစပ်ခြင်း၊ မျိုးထိန်းခြင်းနှင့် ပြန်လည်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးရိုင်အတွင်းရှိ မြို့နယ်များတွင် ဥစားဘဲ၊ အသားစားဘဲများ စီးပွားဖြစ်မွေးမြူရေးခြံများသို့ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးသွားရန်၊ အသိပညာပေးခြင်းသင်တန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းမှ မွေးမြူရေးအထူပြု ကျောင်းသား/သူများအား လက်တွေ့ကွင်းဆင်း လေ့လာရေးနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မျိုးဥထိန်းသိမ်းခန်းများ၊ ဘဲဥဖောက်စက်ရုံနှင့် မျိုးဘဲမွေးမြူရေးခြံများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)