ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် များအား လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်ပို့ချ

ကြံခင်း  အောက်တိုဘာ  ၂၀

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကြံခင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါမဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်လွင်နှင့် မြို့နယ်ရွေးကောက်ပွဲ အဖွဲ့ခွဲဝင်များက လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်ပို့ချရာတွင် ပုံစံများ၊ ပုံစံ(၁၆)စာရင်းပြုစုခြင်း၊ ထုတ်ပိုးခြင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်း၊ လက်မှတ်စစ်ဆေး ထုတ်ပေးခြင်း၊ မဲရေတွက်ခြင်း၊ လုံခြုံရေး၊ ခိုင်လုံမဲနမူနာ ပုံစံများ ပယ်မဲနမူနာပုံစံများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့်စတဲ့  အချက်များအား ပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သင်တန်းသားများအား နှာခေါင်းစည်းMaskတပ်ဆင်စေခြင်း၊ လက်စနစ်တကျ ဆေးစေခြင်း၊  တစ်ဦးနှင့်တစ်ဦး အကွာအဝေး သတ်မှတ်ထိုင်စေခြင်းများ ဆောင်ရွက် ပေးထားကြောင်း၊ ကြံခင်းမြို့တွင် မဲရုံ(၉၄)ရုံရှိပြီး မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်(၁၁၇၈)ဦးရှိကြောင်း၊ အဖွဲ့များခွဲ၍ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ကြောင်း သင်တန်းကာလမှာ အောက်တိုဘာ (၁၉)ရက်နေ့မှ (၂၃)ရက်နေ့ထိဖြစ်ပြီး နေ့စဉ်နံနက်(၈)နာရီမှ ညနေ(၃)နာရီထိ ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)