မြိတ် စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲကို ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ နိုင်ငံရေးပါတီများ၏ ပါတီဆိုင်ရာကိစ္စရပ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှာကြားချက်အတိုင်း လိုက်နာဆောင်ရွက်နေသော လုပ်ငန်းစဉ်များဖြစ်သည့် နိုင်ငံရေးပါတီအင်အားများ စိစစ်ခြင်းလုပ်ငန်းနှင့် နိုင်ငံရေးပါတီရုံးခန်းများဖွင့်လှစ်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းကိစ္စရပ်များကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ နည်းဥပဒေများနှင့်အညီဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပြုလုပ်ခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးရာ၌ မြိတ်ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးလှိုင်ဘွားက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တာဝန်ရှိသူများက နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ တင်ပြခဲ့ကြသည်။ ထိုနောက် ခရိုင်အတွင်းရှိ ကျွန်းစု၊ တနင်္သာရီ၊ ပုလော၊ မြိတ်မြို့နယ်အဆင့် နိုင်ငံရေးပါတီဥက္ကဋ္ဌများက ပါတီများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြ၍ ခရိုင်အဆင့်နိုင်ငံရေးပါတီဥက္ကဋ္ဌများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်ရွေးကောက်ပွဲအရာရှိက နိဂုံးချုပ်အမှာစကားပြောကြားသည်။ ဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ စုစုပေါင်း (၂၃) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)