မြဝတီမြို့၌ ကလေးသူငယ်အခွင့်အရေးများ မဆုံးရှုံးစေရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

မြဝတီ စက်တင်ဘာ ၂၉

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး  အသိပညာပေးဆွေးနွေးပွဲကို  စက်တင်ဘာ ၂၈  ရက်က အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာ(၃)လမ်း၊ စီအိုစီဘုရားကျောင်းဝင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပေးပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က ကလေးသူငယ်အခွင့်အရေးများနှင့် သက်ဆိုင်သည့်ရည်ရွယ်ချက်များ၊ မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ၊ ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်သည့်ဥပဒေများနှင့် အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်များ အခွင့်အရေးမဆုံးရှုံးစေရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရေးကို ရှင်းလင်းဆွေးနွေးပေးသည်။

ထို့နောက် ဒုတိယပိုင်းအစီအစဉ်တွင် တက်ရောက်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းမှ တာဝန်ခံများနှင့် ရပ်ကွက်တာဝန်ရှိသူတို့က  ကလေးသူငယ်အခွင့်အရေး ဆိုင်ရာဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊  ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍သိရှိလိုသည်များကို  အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ရာ  တာဝန်ရှိသူက ပြန်လည် ဖြေကြားပေးကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)