ထားဝယ် စက်တင်ဘာ ၂၉
နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ထားဝယ်မြို့၊ အမှတ်(၄) အခြေခံပညာထက် တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က လူငယ်များအချင်းချင်းအသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုး များမျှဝေပေးရန်၊ အနာဂတ်လူ့ဘောင် အဖွဲ့အစည်းအား၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော်တည်ဆောက်ရန်နှင့်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်၊ လူငယ်များအားနှုတ်မှုစွမ်းရည် တိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်သောလူငယ်များဖြစ်လာစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အမှတ်(၄)အခြေခံပညာထက်တန်းကျောင်းမှကျောင်းသား/သူများ ဖြစ်ကြသည့် Grade-10 ကျောင်းသူ မယဉ်မင်းချိုက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-11 ကျောင်းသား မောင်ကျော်ဇေယျဟန်က လူငယ်နှင့် မူးယစ်ဆေး၊ Grade-11 ကျောင်းသူ မရှင်းသန့်ဖြူက လူငယ်နှင့်အားကစား၊ Grade-11ကျောင်းသူ မယဉ်သူဇာသွယ်က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ Grade-10 ကျောင်းသားမောင်သော်ဇင်ရှိန်းက လူငယ်နှင့်စာရိတ္တ၊ Grade-10 ကျောင်းသား မောင်စိုးဇေယျာထွန်းက လူငယ်နှင့်ဆိုရှယ်မီဒီယာ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးပြီး အမှတ်(၄)အခြေခံပညာ အထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထိုက်ထိုက်စံက ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ဆွေးနွေးပြောကြားသောကျောင်းသား/သူများအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်သည်။
ဆက်လက်၍ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များအားပြသခဲ့ကြောင်းနှင့် စာအုပ်စာစောင်များအား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)