ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် (၂၅)နှစ်မြောက် အထိမ်းအမှတ် ငွေရတုသဘင်အခမ်းအနား ကျင်းပပြုလုပ်

လွိုင်ကော် စက်တင်ဘာ ၂၉

ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် (၂၅)နှစ်မြောက် အထိမ်းအမှတ်ငွေရတု သဘင်အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊  လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက လွိုင်ကော်တက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် သစ်လုံးဆိုင်းဘုတ်ကို အမွှေးနံ့သာရည်ပက်ဖြန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့် ဒေသကွပ်ကဲရေးမှူးတို့က လွိုင်ကော်တက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုသဘင်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ငွေရတုသဘင်အခမ်းအနား၌ အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ ပေါကြွယ်ဝမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အရည်အသွေးရှိသည့် အဆင့်မြင့်ပညာရေးကို ဖော်ဆောင်နိုင်ရန် သင်ကြားနည်းစနစ်များကို ဘက်စုံကဏ္ဍစုံမှ လေ့လာဖြည့်ဆည်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပညာရေးဆိုင်ရာ ဘာသာရပ်များအပြင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန် စာပေ၊ ဂီတ၊ အနုပညာ၊ အားကစားနှင့်ကျန်းမာရေး စသည့်လှုပ်ရှားမှုများကိုမျှတစွာ ဆောင်ရွက်ပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊  ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်တက္ကသိုလ်၏ ဥပဓိရုပ် ကောင်းမွန်ရေး ၊ သန့်ရှင်း သာယာလှပရေး၊ တက္ကသိုလ်အင်္ဂါရပ်နှင့် ပြည့်စုံစေရေးတို့အတွက် အဖက်ဖက်ကဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လွိုင်ကော်တက္ကသိုလ်၏ ငွေရတုသဘင်မှသည် ရေရှည်တည်တံ့တိုးတက်ပါစေကြောင်းနှင့် တက္ကသိုလ်အကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးတို့ကို တက်ညီလက်ညီဝိုင်းဝန်းသယ်ပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်တက္ကသိုလ် (၂၅)နှစ်မြောက် အထိမ်းအမှတ်ငွေရတုသဘင် အခမ်းအနားအတွက် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သောဝန်ထမ်းများ၏ သား၊သမီးများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ကယားပြည်နယ်အစိုးအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစိန်ဦးက အခြေခံပညာ၊ အဆင့်မြင့်ပညာကျောင်းများတွင် တက်ရောက်လျက်ရှိသော ဝန်ထမ်းများ၏ သား၊ သမီးများအား သင်ကြားရေးအထောက်အကူပြု ပစ္စည်းများကိုလည်းကောင်း အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက် စကားပြောကြားခဲ့ကာ တက္ကသိုလ်သမိုင်း မှတ်တမ်းဓါတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အခမ်းအနားအပြီးတွင် သုတေသနစာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ဦးစိန်ဦးက လွိုင်ကော်တက္ကသိုလ်နှင့် ကျွန်တော်၏ အမှတ်တရများခေါင်းစဉ်ဖြင့် မိတ်ဆက်စကားပြောြကားခဲ့ပြီး သက်ဆိုင်ရာဘာသာရပ် အလိုက်ဌာနအသီးသီးမှ ပါမောက္ခများက သုတေသနစာတမ်းများအား ဖတ်ကြားခဲ့ကြ ကြောင်းသိရသည်။

ပြည်နယ် (ပြန်/ဆက်)