ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ခလောက်ထောင်ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်

ဘားအံ စက်တင်ဘာ ၂၉

ရေနေသယံဇာတများကိုထိန်းသိမ်း၍ ငါးရိက္ခာဖူလုံပြီး စဉ်ဆက်မပြတ် စားသုံးနိုင်စေရေးအတွက် ဒေသတွင်း သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင် များအတွင်း ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ခလောက် ထောင်ကျေးရွာအုပ်စု၊ ခလောက်ထောင်ရေလျှံကွင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။

ငါးမျိုးစိုက်ထည့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ငါးမျိုးစိုက်ထည့်ပွဲသို့ တက်ရောက်လာသောဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော နှစ်လက်မအောက်ခံအရွယ်ရှိသည့် ငါးမြစ်ချင်း ကောင်ရေ တစ်သိန်းကို ဒေသခံများနှင့်အတူ ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ယခုစိုက်ထည့်ပေးခဲ့သော ငါးမျိုးများသည်ခလောက်ထောင်ရေလျှံကွင်းနှင့် ဆက်စပ်ရေပြင်များ အတွင်း ရှင်သန်ကြီးထွားပေါက်ပွားပြီး ပတ်ဝန်းကျင်ဒေသများတွင်နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့် နွေမိုးဆောင်းရာသီမရွေး အလွယ်တကူဖမ်းယူစားသုံးနိုင်မည် ဖြစ်ကာ ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ငါမျိုးစိုက်ထည့်ပွဲ (၆) ကြိမ်နှင့် ငါးသားပေါက်ကောင်ရေကိုးသိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခလောက်ထောင်ရေလျှံကွင်း၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ထားသော အကျယ် ၆ ပေ၊ အမြင့် ၁၂ ပေရှိ ရေတံခါးသုံးပေါက်ပါဝင်သော ခလောက်ထောင်ရေတံခါးအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ် ညွှန်ကြားရေးမှူးဦးသန်းဦးက ရေတံခါးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲ ဘားအံမြို့နယ်အသင်းနှင့် လှိုင်းဘွဲမြို့နယ် အသင်း၊ အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲ ဘားအံမြို့နယ်အသင်းနှင့်ဖာပွန်မြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် အားကစားဝါသနာရှင်များကြည့်ရှု အားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်များတွင် လှိုင်းဘွဲမြို့နယ်အမျိုးသမီးအသင်းနှင့် ဘားအံမြို့နယ်အမျိုးသား အသင်းတို့က ၂ ပွဲပြတ်စီဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြသည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြိုင်ပွဲတွင်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် ဒိုင်အဖွဲ့တို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးတို့ က အမျိုးသား/အမျိုးသမီး နောက်ထိန်း၊ ပင့်ထောင်၊ ရိုက်ခုတ်နှင့် ပွဲစဉ် တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုများ၊ အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆုရရှိသောအသင်းများ၊ အမျိုးသား/အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယ၊ တတိယ၊ စတုတ္ထဆုရရှိသောအသင်းများအား ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြို့နယ် အသင်းအား ငွေသားဆု(၅)သိန်းကျပ်နှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများ နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသော လက်ဝှေ့အားကစားအဖွဲ့နှင့် ဘော်လီဘောအားကစားအဖွဲ့တို့မှ အားကစားသမားများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ စည်ပင်သာယာရေး အဖွဲ့ ဝန်ထမ်းအိမ်ရာဝန်းအတွင်း ဘားအံမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ မီးဖိုချောင်စိုက်ခင်းတွင် ကန်စွန်း၊ ဘူး၊ ဖရုံ၊ ခရမ်း၊ ပြောင်း၊ ရုံပတီ၊ ချဉ်ပေါင် အစရှိသော စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိ မှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူက စိုက်ပျိုး ထွက်ရှိသောစားဖိုဆောင်သီးနှံများကို ခူးဆွတ်၍ ဝန်ထမ်းများအား ဝေငှပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများသည် ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ်အနေဖြင့် ကလေးငယ်များနွားနို့ သောက်သုံးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူ ကလေးငယ် ၁၇၇ ဦး၊ အမှတ်(၁၂) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၂၀၄ ဦးတို့အား နွားနို့နှင့် ကြက်ဥများ တိုက်ကျွေးခဲ့ကြသည်။

နွားနို့သောက်သုံးခြင်းသည် ကျန်းမာသန်စွမ်း၍ဉာဏ်ရည်ဖွံ့ဖြိုးစေပြီး အရိုးအဆစ်များသန်မာကာ ခန္ဓာကိုယ် ကြီးထွားစေသည့်အတွက်  အခြေခံပညာကျောင်းများမှစတင်၍ ကျောင်းသား၊ကျောင်းသူ၊ ကလေးငယ်များ အာဟာရပြည့်ဝသော နွားနို့သောက်သုံးသည့်အလေ့ အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်တိုက်ကျွေးခြင်းဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)