ခိုင်ကမ်းမြို့ အမှတ်(၃) ဆည်ကြီးချောင်းအတွင်း ငါးသားပေါက် နှစ်သိန်းသုံးသောင်းအား ငါးမျိုးစိုက်ထည့်

ခိုင်ကမ်း စက်တင်ဘာ ၂၉

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဆည်ကြီးချောင်းအတွင်း ခိုင်ကမ်းမြို့ ငါးလုပ်ငန်းစခန်းမှ (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်အတွက် ငါးမြစ်ချင်းကောင်ရေ တစ်သိန်း သုံးသောင်းနှင့် ငါးခုံးမငါးသားပေါက်ကောင်ရေ တစ်သိန်း၊ စုစုပေါင်း ငါးမြစ်ချင်းနှင့် ငါးခုံးမ ငါးသားပေါက် နှစ်သိန်းသုံးသောင်း အား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားပြုကို ယမန်နေ့ နံနက် ၈ နာရီ အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခိုင်ကမ်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထန်ဂင့်ဆုမ်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြပြီး ငါးသားပေါက်များကို ငွေဖလား များဖြင့် ဆည်ကြီးချောင်းအတွင်းသို့ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။ ယခုကဲ့သို့ ခိုင်ကမ်းမြို့ဆည်ကြီးချောင်းအတွင်း ငါးမျိုးစိုက်ထည့် ရခြင်း ရည်ရွယ်ချက်မှာ ခိုင်ကမ်းမြို့ ဒေသခံပြည်သူများအတွက် ငါးရိက္ခာဖူလုံမှုရှိစေရန်၊ ငါးမျိုးများ ပြန့်ပွားရေးနှင့် မျိုးသုန်းမှုမရှိစေရန်ဖြစ်ပြီး ယခုကဲ့သို့ ငါးမျိုးစိုက်ထည့်ခြင်းမှာ သုံးကြိမ် မြောက်ဖြစ်ကြောင်း ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးကျော်လှိုင်ဝင်းထံမှ သိရသည်။

ရဲမြင့်အောင်