ဟင်္သာတ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီရပ်ကွက်/ကလပ်ပေါင်းစုံ အမျိုးသား အလွတ်တန်းအဆင့်မြင့် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ဟင်္သာတမြို့ ပြည်သူ့အားကစားပြိုင်ကွင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် "ယနေ့ပြိုင်ပွဲကို ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူ ပြုစေရန်၊ မိမိတို့ မြို့နယ်အတွင်းမှသည် နိုင်ငံဂုဏ်ဆောင် အားကစားသမား ကောင်းများ ပေါ်ထွန်းလာစေရန်၊ နယ်ပယ်အသီးသီးမှ အားကစားသမားအချင်းချင်း စည်းလုံး ညီညွတ်မှုရှိစေရန်နှင့် ထူးချွန်သော အားကစားသမားများ ပေါ်ထွန်းလာစေရန် "ရည်ရွယ်ချက် များဖြင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ သည်။ ထို့နောက်စစ်ကြောင်းမှူး ဦးဆောင်၍ အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီးနောက် စစ်ကြောင်းပုံဖြင့် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ တာဝန်ခံ ဦးမင်းကြိုင်နှင့် တာဝန်ရှိသူများမှ အားကစားသမားများအား ကွင်းအတွင်း လိုက်လံနှုတ်ဆက်ခြင်း၊ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေပေးအပ်ခြင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မြို့နယ်ဘောလုံး အဖွဲ့ချုပ်များ တာဝန်ခံ ဦးမင်းကြိုင်နှင့် ဟင်္သာတမြို့ပေါ်ရပ်ကွက်များရှိ အားကစားပစ္စည်းဆိုင်များ၊ ပြိုင်ပွဲဖြစ် မြောက်ရေးဝိုင်းဝန်းပါဝင် ကူညီပေးသည့် အရောင်းဆိုင်များမှ ပြိုင်ပွဲအတွင်းအသုံးပြုမည့် ဘောလုံးများအား ပေးအပ် လှူဒါန်းခဲ့ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂၈ ရက်နေ့မှ အောက်တိုဘာ ၁၉ ရက်နေ့အထိ (၂၂)ရက် ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဘောလုံးအသင်း(၁၂) သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ တာဝန်ခံ ဦးမင်းကြိုင်၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးစန္ဒာဝင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင် ဘောလုံးအသင်းမှ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် ဧည့်ပရိတ်သတ်များ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)