ထားဝယ် စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းအားကစားရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာသည့် အမျိုးသားထားဝယ် (က)အသင်းနှင့် သရက်ချောင်းမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကူအညီပေးသော ကြက်ခြေတပ်ဖွဲ့အား ဂုဏ်ပြု လက်ဆောင်ပေးအပ်ပြီး ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ကာ အကောင်းဆုံး အမျိုးသား/အမျိုးသမီး ဘော်လီဘောအားကစားသမားများအား ဆုများ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက အမျိုးသမီးဒုတိယဆုရရှိသော ထားဝယ်(ခ)အသင်းနှင့် ပထမဆုရရှိသော ထားဝယ်(က)အသင်းအားလည်းကောင်း၊ အမျိုးသားဒုတိယဆုရရှိသော သရက်ချောင်းမြို့နယ်အသင်းနှင့် ပထမဆုရရှိသော ထားဝယ်(က)အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းနောင်နှင့် ခရိုင်ပညာရေးမှူးဦးမျိုးလွင်တို့က အမျိုးသား/အမျိုးသမီး ပထမဆုရရှိသော ထားဝယ်(က)အသင်း အားတံခွန်စိုက်ဒိုင်းဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)