အိမ်မဲ အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ Covid-19 Positive ပိုးတွေ့ရှိ၍ Covid-19 ယာယီဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေသည့် လူနာ(၅)ဦးသည် အောက်တိုဘာလ ၁၉ ရက်နေ့က ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ တတိယအကြိမ် မြောက်ဆင်းခွင့်ရရှိကြောင်းသိရသည်။
"Covid-19 ယာယီဆေးရုံကနေ တတိယအကြိမ်မြောက် ဆင်းခွင့်ရရှိတဲ့လူနာ(၅)ဦးမှာ လူနာ(၂)ဦးက အိမ်မဲမြို့နယ် ကျုံစိန်ကျေးရွာမှ အသက်(၂၃)နှစ်နဲ့(၂၀)နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့(၃)လခန့်က မင်္ဂလာဒုံမြို့နယ်မှရှိတဲ့ မှန်ဘီလူးစက်ရုံမှာ သွားရောက်အလုပ် လုပ်ကိုင်ခဲ့ပြီး အောက်တိုဘာ(၆)ရက်နေ့က အိမ်မဲမြို့သို့ ပြန်လည်ရောက်ရှိခဲ့တဲ့အတွက် ရွာသစ်ကျေးရွာ (အ-ထ-က)မှာအသွားအလာ ကန့်သတ်ထားရှိခဲ့ပါတယ်။ အောက်တိုဘာ (၇)ရက်နေ့မှာ သူတို့ရဲ့ဓာတ်ခွဲ နမူနာတွေရယူပြီး ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနကို ပို့ဆောင်စစ်ဆေးခဲ့ပြီး အောက်တိုဘာ (၁၂)ရက်နေ့ ည(၈)နာရီအချိန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိကြောင်း သိရတဲ့အတွက် ညတွင်းချင်းပဲယာယီဆေးရုံကိုပိုပြီးဆေးကုသမှုခံယူစေပါတယ်။
နောက်တစ်ယောက်ကတော့ အသက်(၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူဟာ ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ်တွင် နေထိုင်ပြီး ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ Skynet ရုံးတွင် အလုပ်လုပ်ကိုင် နေသူဖြစ်ပြီး အောက်တိုဘာလ (၃)ရက်နေ့က အိမ်မဲမြို့သို့ပြန်လာတဲ့အတွက် အ-ထ-က(၁) အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းမှာထားရှိပါတယ်။ အောက်တိုဘာလ(၄)ရက်နေ့မှာ အနံ့ပျောက်လာတယ်လို့ ပြောတဲ့အတွက် အိမ်မဲပြည်သူ့ဆေးရုံသို့ သံသယလူနာအဖြင့် လွှဲပြောင်းကုသခဲ့ပြီး (၅)ရက်နေ့မှာ သူရဲ့ဓာတ်ခွဲနမူနာရယူပြီး ပေးပို့စစ်ဆေးခဲ့ရာ(၁၂)ရက်နေ့မှာ ပိုးတွေ့ကြောင့် သိရတဲ့အတွက်ယာယီဆေးရုံကိုလွှဲပြောင်းကုသစေတာပါ။
နောက်တစ်ဦးကတော့ ချောင်းဝပိုင်းရပ်ကွက်(၄)လမ်းမှာနေတဲ့ အသက်(၃၂)နှစ်အရွယ် အမျိုးသားဖြစ်ပြီး အိမ်မဲမြို့နဲ့ ဘုရင်နောင်ကုန်စည်ဂိတ်ကို ကားမောင်းနေတာ ဖြစ်ပြီးစက်တင်ဘာလ(၂၉)ရက်နေ့မှာ အ-ထ-က(၁) အသွားအလာကန့်သတ် စောင့်ကြည့်တဲ့နေရာကို ရောက်ရှိခဲ့တာပါ။ အောက်တိုဘာ (၇)နေ့မှာသူ့ရဲ့ ဓာတ်ခွဲနမူနာတွေ ရယူပြီးအမျိုးသားဓာတ်ခွဲဌာနသို့ပေးပို့စစ်ဆေးခဲ့ရာ(၁၂)ရက်နေ့မှာပိုးတွေ့ကြောင်းသိရတဲ့အတွက်ယာယီဆေးရုံကိုလွှဲပြောင်းကုသစေတာပါ။
နောက်တစ်ဦးကတော့ ကျုံစိန်ကျေးရွာအုပ်စု ညဏ်ဏ်တောကွင်း ကျေးရွာမှာနေထိုင်တဲ့ အသက်(၄၂) နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။ သူဟာလွန်ခဲ့သော(၃)လခန့်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး အောက်တိုဘာ(၆)ရက်နေ့က နေရပ်သို့ပြန်လည်ရောက်ရှိတဲ့အတွက် ရွာသစ်ကျေးရွာ အ-ထ-က မှာအသွားအလာ ကန့်သတ် ထားရှိပါတယ်။ အောက်တိုဘာ(၇)ရက်နေ့မှာ သူရဲ့ဓာတ်ခွဲနမူနာတွေရယူပြီး ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနသို့ ပေးပိုစစ်ဆေးခဲ့ရာ(၁၃)ရက်နေ့မှာ ပိုးတွေ့ရှိကြောင်းသိရတဲ့အတွက် အဲ့ဒီနေ့မှာပဲ ယာယီဆေးရုံကို လွှဲပြောင်းကုသစေတာပါ။ ယခုလူနာ(၅)ဦး မှာရောဂါလက်က္ခဏာ သက်သာပျောက်ကင်း တဲ့အတွက် ဆေးရုံက ဆင်းခွင့်ရရှိတာဖြစ်ပါတယ်လို" အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးကပြောသည်။
ကိုဗစ်-၁၉ ယာယီဆေးရုံမှ ဆင်းခွင့်ရရှိသောလူနာ(၅)ဦးကို အိမ်တွင် Home Quarantine (၇)ရက် စောင့်ကြည့်သွားမှာဖြစ်ကြောင်းနှင့် ယာယီဆေးရုံတွင် ပိုးတွေ့ရှိ၍ တက်ရောက်ကုသသော လူနာ(၂)ဦးသာ ကျန်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)