ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပညာရေးမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ဟားခါး စက်တင်ဘာ ၂၉

ချင်းပြည်နယ် ပညာရေးမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃)ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ် ရုံးခန်းမဆောင်၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ဟားခါးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ ပညာရေးဒီဂရီကောလိပ်၊ စက်မှုလက်မှုသိပ္ပံ (ဟားခါး) မှ တာဝန်ရှိသူများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အစည်းအဝေးတက်ရောက်လာကြသည့် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ အသက်မွေးဝမ်း ကျောင်းပညာကျောင်းများမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ကျောင်းအလိုက် သင်ကြားရေး၊ ဝန်ထမ်းရေးရာနှင့် ရုံးလုပ်ငန်းများ အပါအဝင် ပြည်နယ် အစိုးရအဖွဲ့မှ ပူးပေါင်း၊ ညှိနှိုင်း၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြပေးစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးကျော်စိုးဝင်းတို့က ချင်းပြည်နယ်အတွင်း ပညာရေးမြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ဟားခါးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါ်နွယ်သင်းနီ၊ ပညာရေးဒီဂရီကောလိပ်မှ ပါမောက္ခ ဦးရွှေဘ၊ စက်မှုလက်မှုသိပ္ပံ (ဟားခါး)မှ ကျောင်းအုပ်ကြီး ဒေါ်ခင်သူသူထွန်း၊ ချင်းပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူ၊ ဟားခါးခရိုင်ပညာရေး မှူး ဦးဗန်ဘိခ်နှင့် မြို့နယ်ပညာရေးမှူး ဦးထလာချွမ်းတို့က မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် မှုအခြေအနေနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးစေ လိုသည်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက အကြုံပြု ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။     

ခရိုင် (ပြန်/ဆက်)