ပုသိမ် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ပုသိမ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားနိုင်ရန်ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအား ဖွဲ့စည်း၍ လုပ်ငန်းတာဝန်(၂၁) ရပ်ကိုသတ်မှတ်တာဝန်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဆက်လက်ဆောင်ရွက်သွားမည့် အစည်းဝေးဆုံးဖြတ်ချက်များနှင့်အညီ အခမ်းအနားတက်ရောက် လာကြသည့် ဌာနဆိုင်ရာများအနေဖြင့်စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း အကြံပြု ဆွေးနွေးနိုင်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံမှ ကော်မတီ၏ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများမှ ပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန် (ပြန်/ဆက်)