ကြံခင်း စက်တင်ဘာ ၂၈
ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေး နေ့ (World Rabies Day) က အထိမ်းအမှတ်အဖြစ် အသိပညာပေးခြင်းနှင့် ခွေးရူးရောဂါ ကာကွယ်ဆေး "အခမဲ့" ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းကိုက အိမ်မွေးတိရစ္ဆာန်များတွင် ဖြစ်ပွားနိုင်သောရောဂါ များနှင့် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား အသိပညာပေး ဟောပြောပြီးနောက် ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးရာ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ ခွေးနှင့်ကြောင် အကောင်(၅၀)အား ခွေးရူးရောဂါကာကွယ်ဆေး “အခမဲ့” ထိုးနှံပေးကြသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် "ခွေးရူးရောဂါတိုက်ဖျက်ရေး၊ တက်ညီလက်ညီ ကာကွယ်ပေး၊ တစ်ခုတည်းသော ကျန်းမာရေး" ALL FOR 1 ONE HEALTH FOR ALL ဆောင်ပုဒ်နှင့်အညီ သက္ကရာဇ် ၂၀၃၀ တွင် ခွေးရူးရောဂါ လျော့နည်းပပျောက်သွားစေရန် ရည်ရွယ်၍ ခွေးနှင့်ကြောင်များကို ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးမှုမရှိစေရန်၊ တိရစ္ဆာန်များမှတစ်ဆင့် ရောဂါကူးစက်မှု မရှိစေရန် ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)