ငဖဲ စက်တင်ဘာ ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ခွေးရူးရောဂါကြောင့် သေဆုံးမှုမရှိစေရေးနှင့် ခွေးရူးရောဂါကင်းစင်စေရေးအတွက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်သည့် (၁၇) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းကစတင်၍ မြို့ပေါ်၊ ရပ်ကွက်များတွင် အိမ်မွေးတိရစ္ဆာန်(ခွေး၊ ကြောင်)များကို စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါက်တာ ချစ်ချယ်ရီစိုးက မြို့နယ်အတွင်းရှိ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများအား ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးအကူ လုပ်သားများပူးပေါင်းကွင်းဆင်း၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများရှိ အိမ်မွေးတိရစ္ဆာန်ခွေးကောင်ရေ (၃၀)ကို ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့ကာ ပြည်သူများအား ခွေးရူးပြန်ရောဂါ လူများတွင် ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများ၊ ခွေးရူးပြန်ရောဂါကိုသိရှိနိုင်မည့် ရောဂါလက္ခဏာများကို အသိပညာပေးပြောကြားပြီး ခွေးရူးရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ဆက်လက်၍ ခွေးရူးရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
(၁၇)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ခွေးရူးရောဂါ တိုက်ဖျက်ရေး တက်ညီလက်ညီပါဝင်ပေး၊ တစ်ခုတည်းသော ကျန်းမာရေး” ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)