ကြံခင်း စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စုတွင် လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားလာစေရန်နှင့် လူငယ်များအချင်းချင်း ပူးပေါင်းဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ဆုံလဲအုပ်စု၊ (အ.ထ.က)ဆိပ်သာကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များ၏ ကဏ္ဍသည်လည်း အရေးပါသောအခန်းကဏ္ဍက ပါဝင်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အသိပညာဗဟုသုတနှင့် ပြည်စုံသောလူငယ်များ ဖြစ်လာစေရန်ကြိုးစားကြဖို့ တိုက်တွန်းပါကြောင်း ပြောကြားပြီးနောက်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် သုံးသပ်ဆွေးနွေးသူအဖြစ် (အ.ထ.က)ဆိပ်သာကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာတို့နှင့်အတူ ပါဝင်ဆွေးနွေးကြသော (G-11) ကျောင်းသား/သူများဖြစ်သော မောင်စိုင်းမြတ်သူက "လူငယ်နှင့်ယဉ်ကျေးမှု" ခေါင်းစဉ်နှင့် မသင်းယုသဇင်က "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်များဖြင့်လည်းကောင်း၊ (G-10)ကျောင်းသူ မခိုင်အိအိမောင်က "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်နှင့်(G-9)ကျောင်းသား မောင်ဟိန်းဇော်လင်းက "လူငယ်နှင့်ကိုယ်ကျင့်တရား" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား/သူများက ခေါင်းစဉ်ပါ အကြောင်းအရာ ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး သိရှိလိုသောအချက်များအား မေးမြန်းကြရာ လူငယ်စကားဝိုင်းဆွေးနွေးသော ကျောင်းသား/သူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့်အဖွဲ့ဝင်များ၊ (အ.ထ.က)ဆိပ်သာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၃၀၀)ဦးတက်ရောက်ကြကြောင်းနှင့် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြသထားခြင်းကို စိတ်ပါဝင်စားစွာ ဖတ်ရှူလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)