ပေါက်ခေါင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်သည့်မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပေါက်ခေါင်း စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြစိမ်းရောင်စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က ကုတင်ငါးဆင့်ကျေးရွာနှင့်‌ မြောက်မကွေကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းက ရှင်းလင်းပြောကြားပြီး  ကုတင်ငါးဆင့်ကျေးရွာ အသင်းသားများအတွက် မြစိမ်းရောင်စီမံကိန်း ချေးငွေ (၅၄၆)သိန်း၊‌ မြောက်မကွေကျေးရွာ အသင်းသားအတွက် (၃၈၅)သိန်း၊ စုစုပေါင်း (၉၃၁)သိန်းကို ထုတ်ချေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် အဆိုပါကျေးရွာများရှိ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နွားမွေးမြူရေးလုပ်ငန်းနှင့် ဝက်မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများကို ကြည့်ရှု‌စစ်ဆေးခဲ့သည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ စျေးရောင်းစျေးဝယ်လုပ်ငန်းများ၊ အသေးစားလုပ်ငန်းများစသည့် လုပ်ငန်းများလုပ်ကိုင်ပြီး ရရှိလာသည့်အတိုးငွေများဖြင့် မိမိတို့ကျေးရွာအတွင်း လိုအပ်လျက်ရှိသည် လမ်းများ၊ တံတားများ၊ ရေရရှိရေး၊ မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ကိုင်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ယခုနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ ၂၂ ရွာအတွက် ၉၅၀၆ သိန်းကို ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)