လွိုင်ကော် စက်တင်ဘာ ၂၈
နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေ(ကယားပြည်နယ်) စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး(၆/၂၀၂၃)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသောထုတ်ကုန်လုပ်ငန်းများကို လျာထားသတ်မှတ်ချက်များ ကျော်လွန်အောင် အရှိန်အဟုန်ဖြင့်တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီစိစစ်ကာ တောင်သူများ၏ ချေးငွေအဆိုပြုချက်များအား သတ္တမအကြိမ်အဖြစ် ဆက်လက်ထုတ်ချေးပေးသွားရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ကုန်များကို ဒေသအတွင်းပိုလျှံသည်အထိ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရေး၊ တောင်သူများ၏ အကျိုးစီးပွားနှင့် ပြည်သူများ၏ စားရေရိက္ခာလိုအပ်ချက်များကို ပံ့ပိုးနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများက စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးနိုင်ရေး၊ တောင်သူများအား ပညာပေးလုပ်ငန်းများကို ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်ပေးပြီး လက်တွေ့ဆောင်ရွက်နေမှုများကိုလေ့လာဆန်းစစ်၍ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်စက်မှုကြီးကြပ် စစ်ဆေးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းကဏ္ဍအလိုက် တိုးတက်အောင်မြင်အောင် ကြီးကြပ်ဆောင်ရွက်နေမှုအခြေအနေများ၊ MSME ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ချေးငွေလိုအပ်ချက်အရ အဆိုပြုလွှာလျှောက်ထားမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပံ့ပိုးဆောင်ရွက် ပေးမည့်အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)