အထက်မင်းလှ စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့၌ မင်းလှမူလတန်းကြိုကျောင်း၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မင်းလှမူလတန်းကြိုကျောင်း၌ ကျင်းပလုပ်ခဲ့သည်။
ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် သီချင်းရွတ်ဆိုပြိုင်ပွဲများတွင် အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသည့် သားငယ်၊ သမီးငယ်လေးများအား ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မင်းလှမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် မိဘဆရာအသင်းအဖွဲ့ဝင်များက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် မင်းလှမူလတန်းကြိုကျောင်း၌ တက်ရောက်နေသော သားငယ်၊ သမီးငယ်(၇၀)ဦးက ပါဝင်ယှဉ်ပြို့ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)