ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့် အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့် အဖွဲ့သည် ဆင်ပေါင်ဝဲမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုငွေကျပ် (၁၁၂.၈၅)သန်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများဖြစ်သော လမ်းလုပ်ငန်း (၄)လမ်း၊ တံတားလုပ်ငန်း (၃)ခု၊ ရေပေးရေးလုပ်ငန်း (၅)ခု၊ အခြားလုပ်ငန်း(၁)ခု စုစုပေါင်း (၁၃)ခု လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သင်းသင်းလှိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအား စနစ်တကျ ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ရေရှည်တည်တံ့စေရေး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)