မော်လိုက်မြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လိုက် စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ပြန်/ဆက်ဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.မ.က(၂)ကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် အ.မ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆန်းဝင်းက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက ဗလငါးတန်အကြောင်း သိကောင်းစရာများ၊ သဘာဝပတ်ဝန်းကျင်နှင့် ပလပ်စတစ် အန္တရာယ်အကြောင်း သိကောင်းစရားများကို အကျယ်တဝင့် ရှင်းလင်းဆွေးခဲ့ပြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထိန်က လူငယ်နှင့်အားကစားအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ကာယဆရာမနှင့်အတူ  ကျောင်းသား/သူများက Fitness Dance ကို ပျော်ရွှင်စွာ အတူကခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့်မူးယစ်ဆေးအရွယ်မရောက်သေးသူ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ တားဆီး ကာကွယ်ရေးကလေးအလုပ်သမားပပျောက်ရေး၊ ခေါင်းစဉ်များဖြင့် ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ကြည်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်အားကစားမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်