ဂန့်ဂေါ စက်တင်ဘာ၂၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် လူငယ်များအတွေးအခေါ်မှန်ကန်စေရေး၊ အသိပညာ၊ အတတ်ပညာဖြင့်ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရန်နှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က (ဂန့်ဂေါ)ကျောင်း ပုံညာခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ဇာတိမာန်သီချင်းဖြင့်ဖွင့်လှစ်ပြီး ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက လူငယ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို နိုင်ငံတော်အကြီးအကဲရဲ့လိုလားချက်ဖြစ်တဲ့ လူငယ်တွေဖွံ့ဖြိုးတိုးတက်ရေးကို ကျွန်တော်တို့တွေက အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လူငယ်တွေဆိုတာ လူ့ဘောင်အဖွဲ့အစည်းတစ်ခုမှာ အားကိုးအားထားပြုစရာ လူ့စွမ်းအားအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။ အ.ထ.က(မြို့မ)ကျောင်းမှ မနှင်းအိဝေက “ဆရာဝန်ကြီး ဖြစ်ခဲ့ရင်” ၊ အ.လ.က (မြောက်ကုန်း) ကျောင်းမှ မသဉ္ဇာလင်းလဲ့က “ပညာတတ်ကြီးဖြစ်ခဲ့ရင်”၊ အ.လ.က (ကျောတိုက်)ကျောင်းမှ မဒါယဉ်မိုးက “သူဌေးကြီး ဖြစ်ခဲ့ရင်”၊ အ.လ.က(ခွဲ) စည်ပင်ကျောင်းမှ မဟေမာန်မိုးက “ရည်မှန်းချက်”နှင့် အ.ထ.က(ဂန့်ဂေါ)ကျောင်းမှ မနှင်းထက်ထက်လှိုင်က “ဆရာဝန်ကြီးဖြစ်ခဲ့ ရင်”စသည့် ခေါင်းစဉ်များဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ကြပြီး အ.ထ.က(ဂန့်ဂေါ)ကျောင်းမှ ကျောင်း သား/သူများက နှလုံးသားကို အလှဆင်ပါ၊ အ.လ.က(မြောက်ကုန်း)ကျောင်းမှ ကျောင်းသူလေးများက ယောသူတို့ရွာသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများရရှိခဲ့သည့် ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့က ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှု ခဲ့ကြကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)